စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်များ၏ ပုံဖြင့်ပြုလုပ်ထားသည့် “ပြည်တော်ဝင်ကြယ်နီကဒေါင်းဖိနပ်” မှာယူသူများပြား

တော်လှန်ရေးရံပုံငွေရရှိရန်အတွက် စစ်ကောင်စီ ထိပ်ပိုင်းခေါင်ဆောင်များ၏ ပုံဖြင့်ပြုလုပ်ကာ ရောင်းချပေးနေသည့် “ပြည်တော်ဝင်ကြယ်နီကဒေါင်းဖိနပ်” မှာယူသူများပြားနေပြီး ရောင်းအားမြင့်တက်နေကြောင်း အဆိုပါ ဖိနပ်ထုတ်လုပ်သူ “ပြည်တော်ဝင်” အဖွဲ့ထံက သိရသည်။

“ပြည်တော်ဝင်” အဖွဲ့က ထုတ်လုပ်သည့် ဖိနပ်များတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း တို့၏ ရုပ်ပုံများကို အသုံးပြုထားပြီး Recycle ကုန်ကြမ်းဖြင့်ပြုလုပ်ထားကြောင်းသိရသည်။

“ ညီမတို့ ပြည်တော်ဝင် အဖွဲ့ရဲ့ လက်ရာတွေကို ဖန်တီးသူကတော့ ကိုဗေဒါပါ။ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ တစ်ထောင့်တနေရာကနေ ကြိုးပမ်းသွားချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ အာဏာရှင်စနစ်ကို ကဏ္ဍပေါင်းစုံကနေ ဖြုတ်ချမှာဖြစ်လို့ နိုင်တဲ့အား၊ နိုင်တဲ့ဝန်ကနေထမ်းပြီးတော့ ပြည်သူတွေနဲ့အတူ အာဏာရှင်ကို ဖြုတ်ချဖို့ အများကြီးကြိုးပမ်းသွားပါမယ်” ဟု ပြည်တော်ဝင်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ပြည်တော်ဝင်အဖွဲ့က ဖန်တီးထားသည့် အဆိုပါဖိနပ်များကို တစ်ရံလျှင် ဘတ် ၄၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ရရှိလာသည့် အကျိုးအမြတ်များကို စစ်ဘေးရှောင် ဒုက္ခသည်များနှင့် မြို့ပြ UG များကို ပံ့ပိုးပေးသွားဖြစ်ကြောင်း သိရသည်။

“လက်တလော ဝယ်ယူမှုများနေတယ်။ အားပေးသူ ဘယ်လောက်တောင် ရှိလဲ ဆိုတာ အတိအကျပြောဖို့ ခက်ခဲပါတယ်။ လက်ရှိမှာ အော်ဒါတွေ တအားကိုတက်နေပါတယ်။ ပြည်သူတွေရဲ့စိတ်ဝင်စားမှု ဆန္ဒကိုပဲ ဦးတည်ပြီး ဖန်တီးထားပါတယ်။ အဓိကကတော့ UG တွေ အတွက် ထောက်ပံ့မှုဖြစ်ရမယ်၊ စစ်ဘေးရှောင်တွေအတွက်လည်း ထောက်ပံ့မှုရသလို လိုအပ်တဲ့နေရာတွေကို ပံ့ပိုးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်တော်ဝင်အဖွဲ့၏ ထုတ်ကုန်များအနေဖြင့် ယခုထုတ်လုပ်သည့် ဖိနပ် အပြင် ခြေအိတ် နှင့် အတွင်းခံ များကိုပါ ဖန်တီးသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။

” ပြည်တော်ဝင် Page ကနေ ဖိနပ်ဝယ်ဖို့ အော်ဒါအပ်ထားတယ်။ အပြင် စီးဖို့ထက် အိမ်သာ၊ ရေချိုးခန်း သုံးဖို့ပါ” ဟု ဖိနပ်မှာယူထားသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကပြောသည်။

လက်တလောတွင် “ပြည်တော်ဝင်ကြယ်နီကဒေါင်းဖိနပ်” ဝယ်ယူအားပေးသူ အများအပြားရှိနေပြီး အဆိုပါ ဖိနပ်ဝယ်ယူရန် စောင်ဆိုင်း၍ အော်ဒါအပ်နှံသူများရှိကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပုံပါဖိနပ်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *