ပဋိပက္ခတိုးပွားအောင် ညီနောင်မဟာမိတ် ၃ ဖွဲ့က သွေးထိုးလှုံ့ဆော်နေဟု စစ်ကောင်စီစွပ်စွဲ

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့ကို ဝိုင်းဝန်းဆန့်ကျင်ကြရန် အာဏာသိမ်း စစ်ကောင်စီက မြန်မာပြည်သူလူထုအား တိုက်တွန်းစည်းရုံးနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့က နိုင်ငံတစ်ဝှမ်း တိုက်ပွဲအခြေအနေများကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို မလိုလားသည့်သူများဖြစ်ပြီး ပဋိပက္ခလျော့နည်းရေးကိစ္စနှင့် လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးကိစ္စကို မတည်ငြိမ်စေရန် သွေးထိုးလှုံ့ဆော်နေသူများဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။

” ဒါကြောင့် သူတို့အနေနဲ့ မြန်မာ နိုင်ငံထဲမှာ အပစ်အခတ်ရပ်စဲမယ့်ကိစ္စတွေ၊ ပဋိပက္ခလျော့နည်းမယ့်ကိစ္စတွေ၊ လူမှုစီးပွား ဘဝတည်ငြိမ်စေမယ့်ကိစ္စတွေကို မျိုးစုံသွေးထိုးလှုံ့ဆော်ပြီး ဆောင်ရွက်နေကြခြင်းဖြစ်တယ် ဆိုတာကို အားလုံးကသတိပြုရမှာဖြစ်ပါတယ်။ ဝိုင်းဝန်းဆန့်ကျင်ရမှာဖြစ်ပါတယ်။ ” ဟု စွပ်စွဲပြောဆိုထားခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲများနှင့် ရခိုင်ပြည်က တိုက်ပွဲအခြေအနေများကို သတင်းထုတ်ပြန်ရာတွင် မြန်မာပြည်သူများအနေဖြင့် မစိုးရိမ်ကြရန်နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အတူလက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုလေ့ရှိသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့က တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင် ၃ ဖွဲ့တို့ ငြိမ်းချမ်းကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်က ထုတ်ပြန်ထားသည်။

ထို ယာယီအပစ်အခတ်ရပ်စဲရေးကို ညီနောင် ၃ ဖွဲ့က အတည်ပြုချက် တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ မြန်မာပြည်သူများအနေဖြင့် အထူးစိုးရိမ်စရာ မလိုကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့က စ၍ သတင်းထုတ်ပြန်တိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာထားသည်။

မြန်မာပြည်သူများအပေါ် ညီနောင် ၃ ဖွဲ့မှ အထူးစိုးရိမ်စရာမရှိလို ဆိုသည့်စကားကို စစ်ကောင်စီက သံသယရှိနေကြောင်းနှင့် စိုးရိမ်မှုမှာ မြန်မာပြည်သူလူထုလား၊ ညီနောင်မဟာမိတ်တပ်ဖွဲ့တို့လားဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မက မေးခွန်းထားကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်းတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှာ နိုင်ငံတစ်ဝှမ်းသို့ ကျယ်ပြန့်သွားပြီဖြစ်ကြောင်းနှင့် စစ်အာဏာရှင်အမြစ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ တော်လှန်ရေးအင်အားစုများဖြင့် ရည်မှန်းချက်များမပြည့်ဝသရွေ့ တိုက်ပွဲဝင်သွားမည်ဟု MNDAA, TNLA, AA တို့က ပြောဆိုထားကြသည်။

တရုတ်၏ ကြားဝင်မှုဖြင့် ကိုးကန့်ဒေသတွင် တိုက်ပွဲအနည်းငယ် လျော့ကျသည်က လွဲ၍ တအောင်းဒေသနှင့် ရခိုင်ဒေသတို့တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဆက်လက်ပြင်းထန် ဖြစ်ပွားနေဆဲဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *