မူဆယ် ၁၀၅ မိုင် စစ်ကောင်စီဗျူဟာကုန်းကို MNDAA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်

မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက စစ်ကောင်စီဗျူဟာကုန်းကို ဒီဇင်ဘာ ၁၄ ရက် ညပိုင်းမှာ MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မူဆယ် ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဗျူဟာကုန်းကို မနေ့မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ ပူးပေါင်းတပ်တွေက ယာယီ ထိန်းထားနိုင်ခဲ့ပေမဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ ကတုတ်ကျင်းတွေ ကျန်နေလို့ ညပိုင်း ၆ နာရီ ၃၄ မှာ လုံးဝရှင်းလင်း နိုင်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တင့်ကား ၄ စီးထဲက ၂ စီးကိုလည်း MNDAA ကသိမ်းလိုက်ပြီး ကျန် ၂စီးကိုတော့ စစ်ကောင်စီတပ်က မူဆယ်ဘက် မောင်းပြေးသွားကာ စစ်ကောင်စီ ဗျူဟာမှူးနဲ့လည်း လက်ရှိအထိ အချိတ်အဆက်မရဘူးလို့ သတင်းထွက်ပေါ်နေကြောင်း ဒေသခံ တွေထံက သိရပါတယ်။

မူဆယ်ကုန်သွယ်ရေး ဇုန်အနီးကကုန်းကို မဟာမိတ်အဖွဲ့တွေက သိမ်းသွားပြီလို့ သိရကြောင်း ကုန်တင်ကားသမားတဦးကလည်း ပြောပါတယ်။

၁၀၅ မိုင် ဗျူဟာကုန်းကို သိမ်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် ၁၀၅ မိုင်ဘက်ရော မူဆယ်မြို့စွန်ဘက်က မန့်မိုင်တောင်ကုန်းဘက်ကိုပါ ‌စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ရော ဂျက်တိုက်လေယာဉ်နဲ့ပါ သုံးလေးကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မူဆယ် ဒေသခံ ၁ ဦးက “၁၀၅ မိုင်လည်း သိမ်းလိုက်ပြီလို့ ပြောနေကြတယ်။ မူဆယ်မှာလည်း ၂ ခါရှိပြီ ဟတ်စကီးနဲ့ ရိက္ခာလာပို့ရင်း လူနာလာသယ်တာထင်တယ်။ ပြီးတော့ လေယာဉ် အဖြူနဲ့ရော အစိမ်းနဲ့ရော ပစ်နေတယ်။ မန့်မိုင် တောင်ကုန်းဘက်။ အရင်က စစ်တပ်က နေတာ။ အခုကမနေတော့ဘူး။ အဲပေါ် လေယာဉ်နဲ့ ဗုံးလာကြဲတာ” လို့ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မူဆယ် စက်မှုဇုန်ဘက်က ဒေသခံတွေကိုတော့ စစ်ကောင်စီဘက်က ရှောင်ခိုင်းထားတာကြောင့် မြို့ထဲဘက်ကို အကုန် ရှောင်ထားကြပြီလို့ ဆိုပါတယ်။

မူဆယ် (၁၀၅)မိုင်တပ်စခန်းရရှိရေး ညီနောင်သုံးဖွဲ့ပေါင်း တိုက်ခိုက်နေဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင်စစ်ကောင်စီတပ်စခန်း ရရှိရေးအတွက် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးအရာရှိက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

(၁၀၅)မိုင် စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းဖော်ပြချက်အချို့ ရှိလာသည့်အပေါ် မေးမြန်းရာ TNLA အရာရှိက ထိုသို့ အသိပေးခြင်းဖြစ်သည်။

“၁၀၅ မိုင်တပ်တော့ ကျမတို့မရသေးပါဘူး။ မနေ့ကတော့ တိုက်ပွဲပြင်းထန်တယ်။ မဟာမိတ် ၃ဖွဲ့ပေါင်းပြီး ၁၀၅ မိုင်စခန်းကုန်းကို တိုက်တယ်။ရတော့ မရသေးပါဘူး။ စခန်းသစ်ကုန်းလည်း တိုက်နေဆဲပေါ့”ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

TNLA၊ ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင်တပ်(AA) တို့ ပူးပေါင်းပြီး မူဆယ်(၁၀၅)မိုင်စခန်းရရှိရေး တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းပစ်ကူ ၊ လက်နက်ကြီး ပစ်ကူများ အသုံးပြု ခုခံလျက်ရှိသည်။

ထိုသို့ လေကြောင်းပစ်ကူပေးရာ ယမန်နေ့ ဒီဇင်ဘာ ၁၄ရက် တစ်ရက်အတွင်း တိုက်လေယာဉ်ဖြင့် ၁၁ကြိမ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၂ကြိမ် ပြုလုပ်ခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ယနေ့ဖြစ်ပွားနေသောတိုက်ပွဲသည် မူဆယ်မြို့နှင့်အလွန်နီးကပ်နေပြီး မြို့ပတ်ချာလည်၌ တိုက်ပွဲအလွန်ပြင်းထန်နေသည်ဟု မြို့ခံများက ပြောသည်။

“တအုန်းအုန်းနဲ့ ချနေတာ။ မဟာမိတ်တွေက စစ်ခွေးတွေရဲ့ ရဟတ်ယာဉ်ကို အောက်ကနေပစ်နေတာ။ မြေပြင်က စစ်ခွေးတွေကလည်း လူနေအိမ်တွေထဲကနေ ပစ်နေတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ မူဆယ်တပ်စခန်းမှ အတွဲလိုက်ဒုံးကျည်ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

မူဆယ် ၁၀၅ မိုင် စစ်ကောင်စီဗျူဟာကုန်းကို MNDAA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *