မြောက်ဦးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၇ ဦးထက်မနည်းသေဆုံးပြီး စစ်သား အများအပြားဒဏ်ရာရရှိကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားသည့် ရခိုင်ပြည် မြောက်ဦးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် မြောက်ဦး ကိုးသောင်းဘုရားဖက်သွားလမ်း ဒေသအခေါ် (အစိမ်းသေအင်း) ဖက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက တိုက် လေယာဉ်ဖြင့် တိုက်ပွဲဧရိယာတစ်ဝိုက်၊ မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ဒေသတို့ကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် ခမရ ၅၄၀ မှ စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော်က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်သားအ‌‌ရေအတွက် ၇ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“နေရာက သကျမာန်အောင်ဘုရားနဲ့ပိုနီးတယ်။ ကိုးသောင်းဖက်က ရဲတပ်ရင်းဘက်ပေါ့နော်။ အဲ့နားကနေ စစ်ကောင်စီတပ်သား တွေကဖြတ်လာတယ်။ အဲ့မှာ ရက္ခိုင့်တပ်တော်ဘက်က စောင့်ပြီးပစ်တာ။ သေဆုံးတာတွေရှိတယ်။ အရေအတွက်အနေနဲ့တော့ ၇ ယောက်လောက်ရှိမယ် ” ဟုပြောသည်။

ပစ်ခတ်ခံရသည့်စစ်ကောင်စီ တပ်သားများမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ မင်းပြားမြို့နယ် ပန်းမြောင်းရှိ အောင်မင်္ဂလာတောင်နှင့် တောင်ဖြူတောင်ဖက်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများဖြစ်ကြောင်း ၎င်းကဆိုသည်။

ပန်းမြောင်းဖက် စစ်ကောင်စီတပ်သားများမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ ညဉ့်အချိန် လေးမြို့မြစ်ကိုဖြတ်၍ မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှ တစ်ဆင့် မြောက်ဦးရှိ ခမရ ၅၄၀ တပ်ရင်းသို့ ဝင်ရောက်မှုရှိခဲ့ပြီး အဆိုပါတပ်ရင်းက လက်မခံ၍ ကိုသောင်းပုထိုးဖက်ရှိ ရဲတပ်ရင်းဖက်သို့ ခြေလျင်လာရောက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်လေယာဉ်များက တိုက်ပွဲဧရိယာတစ်ဝိုက်၊ မြောက်ဦးမြို့ပေါ်၊ ဘုရားအုပ်ကျေးရွာ၊ ရွာဟောင်းတော၊ ပီပင်ကုန်း၊ မောင်သာကုန်း စသည့်ကျေးရွာများသို့ လာရောက်ပစ်ခတ်ခဲ့ပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း စေတီပုထိုးနှင့် နေအိမ်အချို့ ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲပြီးတော့ လေယာဉ်လာတယ်။ အနီးပတ်ဝန်းကျင်တွေအကုန်ပစ်ခတ်ခဲ့တယ်။ လူတွေမထိခိုက်ပေမယ့် နေအိမ်အချို့မှာ ထိမှန်တာရှိတယ်။ ရတနာ့မာန်အောင်မှာဆို ကျောင်းပရဝုဏ်အတွင်းမှာကျတယ်။ စေတီမှာ ကျဉ်ထိမှန်တာတွေ သီတင်းသုံးဆောင်တွေမှာ ထိမှန်တာတွေရှိခဲ့တယ်” ဟုပြောသည်။

ထို့သို့လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုရှိခဲ့ခြင်းကြောင်း မြောက်ဦးမှ ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်နေကြပြီး ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မြို့ရှိ စျေးဆိုင်ခန်းများအများအပြား ပိတ်သိမ်းထားကာ လမ်းသွားလမ်းလာများ နည်းပါးခဲ့ကြောင်း သိရှိရသည်။

တပ်အတွင်း နေထိုင်သူ တစ်ဦးက “တိုက်ပွဲဖြစ်တော့ လေယာဉ်က လာတယ်။ တစ်လျှောက်ပစ်တယ်။ စစ်တပ်က လမ်းတွေကိုလည်း ပိတ်တယ်။ အလောင်းတွေကို တပ်ရင်းကို သယ်တာတွေ့တယ်။ တိုက်ပွဲမှာ ကျတာတွေတော့ နောက်ပိုင်းသိရတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ စစ်တွေ တပ်ဆေးရုံးကို ပို့ဆောင်တာကို နောက်ပိုင်း သိရတယ်”ဟုပြောသည်။

မြောက်ဦးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ငွေတောင်ပေါက်တံတားဖက်သို့လာသည့် စစ်ကောင်စီတပ်သား ၅၀ ကျော်ခန့်ကို ရက္ခိုင့်တပ်တော်ဖက်မှ မိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဖက်မှ ၄ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ချင်းပြည်နယ်တွင်လည်း ရက္ခိုင်တပ်တော်ဖက်မှ စစ်ကောင်စီ၏ တရွန်အိုင်နှင့် နှူးဗူးဗျူးဟာကုန်း ၂ ခုကို ရက္ခိုင့်တပ်တော်ဖက်မှ သိမ်းပိုက်ထားပြီးဖြစ်ကာ လက်ရှိတွင် ချင်းလက်ဝဖက်မှ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊
ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပစ်ခတ်ရပ်စဲထားရာမှ တိုက်ပွဲပြန်စသည့် ၁ လတာ ကာလအတွင်းတွင် စစ်ကောင်စီ၏ တပ်စခန်းအများအပြားကို ရက္ခိုင့်တပ်တော်က သိမ်းဆည်းရယူမှု ရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *