လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံနှင့် လူနေအိမ်များ မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ကို ယနေ့ နေ့လယ်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်၏ လက်ဖက်အချိုခြောက်စက်ရုံ မီးလောင်နေကြောင်း တအောင်းတပ်မတော် (TNLA) က ယနေ့ သတင်းထုတ်ပြန်သည်။

နမ့်ဆန်မြို့နယ်ကို ယမန်နေ့ ဒီဇင်ဘာ ၁၄ နှင့် ယနေ့ ဒီဇင်ဘာ ၁၅ တို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခတ်သဖြင့် ရွှေဖီဦး လက်ဖက်အချိုခြောက်စက်ရုံနှင့် နေအိမ်အများအပြား မီးလောင်ပျက်စီးသည်ဟု ယနေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၄ ည ၁၁း၀၀ အချိန်တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာမှ ဦးဖိုးညွန့်၊ ဦးအိုက်ထုံး၊ ဦးခမ်းကျော်၊ ဦးထွန်းရင်တို့၏ နေအိမ် ၄ လုံး မီးလောင်ပျက်စီးပြီး အသက် ၇၀ ကျော် အဖိုးအိုတစ်ဦး မီးလောင်သေဆုံးသည်ဟု TNLA က ဆိုသည်။

ယနေ့ ဒီဇင်ဘာ ၁၅ နံနက် ၇း၀၀ အချိန်တွင်လည်း ငွန်ဆိုင်းကျေးရွာနှင့် နမ့်ဆန်မြို့တွင်းကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲသဖြင့် ဦးကံစိုး၊ ဦးထွန်းသိန်း၊ ဒေါ်ရွေယုံတို့၏ နေအိမ် ၃လုံးနှင့် ငွန်ဆိုင်းရွာ အ.မ.က ကျောင်းတို့ ထိမှန်မီးလောင်ပျက်စီးပြီး နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်အတွင်းသို့လည်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးချိုတူး (စံပယ်ဦးဈေးဆိုင်) မီးလောင်ပျက်စီးသည်ဟု ဆိုသည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့အထိ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးသည်ဟု TNLA ထံမှ သိရသည်။

စစ်မြေပြင်ရှိ ရင်ဆိုင်တိုက်ပွဲများတွင် ပြန်လည်ထိုးစစ်ဆင်နိုင်ခြင်းမရှိသည့် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော လူနေအိမ်များ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များကို ယခုရက်များတွင် ဆက်တိုက် ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ဒီဇင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ညီနောင်သုံးဖွဲ့က ပြောထားသည်။

နမ့်ဆန်မြို့ရှိ စစ်တပ်ပိုင် ရွှေဖီဦးစက်ရုံကို TNLA သိမ်းပိုက်

ဒီဇင်ဘာ ၁၃ ညနေပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ပေါ်ရှိ စစ်တပ်ပိုင် ရွှေဖီဦး လက်ဖက်အချိုခြောက်စက်ရုံကို တအောင်းတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့ကို နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေသော TNLA က ဒီဇင်ဘာ ၁၀ ရက်မှ စတင်၍ နမ့်ဆန်မြို့အနီးတစ်ဝိုက်ရှိ စစ်တပ်စခန်းတချို့ကို သိမ်းပိုက်နေသည်။ ထိုဒေသတွင် တိုက်ပွဲစတင်ပြီး နောက်တစ်ရက်တွင် ပတ္တမြားစေတီကုန်းစခန်းနှင့် ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့သည်။ ထို့နောက် ယမန်နေ့ ညနေ ၅ နာရီ ၄၀ ခန့်တွင် မြို့ပေါ်ရှိ စစ်တပ်စက်ရုံကို သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ရွှေဖီဦးစက်ရုံ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများရှိပြီး အချို့ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း၊ စာရင်းအတိအကျကို ကောက်ယူနေဆဲဖြစ်ကြောင်း TNLA ပြန်ကြားရေးရုံးမှ တာဝန်ခံ အမျိုးသမီးရဲမေက ပြောသည်။

နမ့်ဆန်မြို့ကို TNLA ထိုးစစ်ဆင်နေချိန်အတွင်း မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မန်တုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း ( ခလရ) အမှတ် ၁၃၀ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို တစ်ရက်တည်းတွင် လေကြောင်းမှ အကြိမ် ၂၀ ကျော်ဗုံးကြဲတိုက်ခိုက်သည်အထိ စစ်ကောင်စီက တုံ့ပြန်နေရာ နမ့်ဆန်မြို့ပေါ်တွင် ထိခိုက်ပျက်စီးမှုများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“မြို့ပေါ်က ဆိုရင် နေအိမ် ၁၆ လုံးပေါ့နော်။ ပြီးရင် ဘုန်းကြီးကျောင်းရယ် ပြီးရင် အဲဒီအနားတစ်ဝိုက်မှာ ရှိနေတဲ့ အဆာက်အအုံတွေတော့ ပျက်စီးသွားပါတယ်။ ပျက်စီးမှုပမာဏလည်း များပါတယ်” အထက်ပါ တာဝန်ခံရဲမေက ပြောသည်။

ယမန်နေ့ တိုက်ပွဲအတွင်း နမ့်ဆန်မြိုခံ အမျိုးသားတစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ မြို့ခံအများစုသည် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု TNLA ထံမှ သိရသည်။

သေဆုံးသူမှာ နမ္မဝေါရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် ဦးကျော်ဌေးဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်စဉ် စစ်တပ်က ပစ်ခတ်သောကြောင့် သေဆုံးသွားသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ယနေ့ ထုတ်ပြန်ထားသည်။

လတ်တလောတွင် နမ့်ဆန်တစ်မြို့လုံးနီးပါးကို TNLA က သိမ်းထားပြီး မြို့အရှေ့ဘက် ကပ်လျက်တွင် ရှိသည့် လက်ကျန် စစ်တပ်စခန်းကုန်းကို ဆက်လက် တိုက်ခိုက်နေသည်ဟု TNLA အဖွဲ့၏ ပြန်ကြားရေးရုံးမှ တာဝန်ခံ အမျိုးသမီးက ပြောသည်။

ထိုစစ်တပ်စခန်းကုန်းကို ဒီဇင်ဘာ ၁၁ ရက်ကတည်းက တိုက်ခိုက်နေခြင်း ဖြစ်သည်။ နမ့်ဆန်မြို့တစ်ခုလုံး ထိန်းချုပ်နိုင်ရန်အတွက် ထိုစခန်းကုန်းကို TNLA က ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။

နမ့်ခမ်းတွင်လည်း တိုက်ပွဲပြင်းထန်

ထို့အတူ နမ့်ဆန်မြို့မြောက်ဘက် တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးရှိ နမ့်ခမ်းမြို့တွင်လည်း တိုက်ပွဲများ ပြင်းထန် နေသည်။ နမ့်ခမ်းမြို့ရှိ စစ်တပ်၏ စခန်းသစ်ကုန်းကို တစ်လနီးပါးကြာသည်အထိ TNLA က ဆက်လက် တိုက်ခိုက်နေသည်။ ထိုအတောအတွင်း လေကြောင်းမှ အကြိမ် ၃၀၀ နီးပါး တိုက်ခိုက်ခဲ့ကာ စစ်ကူများလည်း ပို့ဆောင်နေသည်။

နမ့်ခမ်းမြို့အနီး ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ခဲ့သည့် စစ်အင်အား ၁၀၀ ခန့်ကို ဒီဇင်ဘာ ၁၂ ရက်က လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်တပ်မှ အကျအဆုံးများပြီး ဖရိုဖရဲဆုတ်ခွာသွားကြသည်ဟု TNLA ဘက်က ဆိုသည်။

“ မနေ့က သူတို့အင်အားလာချတဲ့အချိန်မှာ သူတို့ကို ကျွန်မတို့ လိုက်လံရှင်းလင်းနိုင်တာရှိသလို လက်နက်ခဲယမ်း တွေလည်း သိမ်းဆည်းနိုင်တာရှိပါတယ်။ ကျန်တဲ့သူတွေ ဘယ်ရောက်သွားလည်းဆိုတာတော့ စုံစမ်းနေဆဲဖြစ်ပါ တယ်” ဟု အထက်ပါ ရဲမေကပြောသည်။

ယမန်နေ့က နမ့်ခမ်းမြို့တွင်းသို့ ပေါင် ၅၀၀ ဗုံးတစ်လုံးကျရောက် ပေါက်ကွဲခဲ့သည်ဟု သိရပြီး ညနေ ၄နာရီကျော် ခန့်တွင် လေကြောင်းမှ ဗုံးကြဲရာ နမ့်ခမ်းမြို့ ပေါက်တိုက်မရပ်ကွက်ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်းဝန်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်အများအပြားထိခိုက်ပျက်စီးသွားကြောင်း TWO ကလည်း ထုတ်ပြန်သည်။

အလားတူ ဒီဇင်ဘာ ၁၂ မွန်းတည့် ၁၂ နာရီခွဲတွင် နမ့်ခမ်းမြို့နယ် မန်လုံအုပ်စု လွယ်လွမ်ကျေးရွာ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ကြဲခဲ့သောကြောင့် စေတီ၊ ဘုန်းကြီးကျောင်းနှင့် ဇရပ်အပြင် ဒေသခံ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး ခဲ့ ကြောင်းပါ ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။

တစ်လနီးပါးခန့် ကြာမြင့်လာသည့် နမ့်ခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့မှ ဒေသခံ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကာ၊ နေအိမ်များလည်း ပျက်စီးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရခိုင် (AA)၊ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) တော်လှန်ရေးတပ်များက အောက်တိုဘာ ၂၇ ရက်မှ စတင်ဆင်နွှဲသည့် ၁၀၂၇ စစ်ဆင်ရေး ၂ လနီးပါးအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နမ့်ခမ်းမြို့နယ်တွင် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ခန်းမများ၊ ဆေးရုံများ စသည်တို့ ထိခိုက်ပျက်စီးခဲ့သည်မှာ စုစုပေါင်း ၉၃ ခု ရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ TNLA နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဒေသခံ ၆၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရထားသည်ဟု TNLA ၏ စာရင်းများအရ သိရသည်။

စစ်အာဏာရှင် အမြစ်ပြတ်ရေး ရည်ရွယ်သည့် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စစ်ကောင်စီ တပ်စခန်းပေါင်း ၃၀၀ နီးပါးခန့်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် ကိုးကန့်တပ်မတော် (MNDAA) က ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်) မြို့တို့ကို အပြည့်အဝ ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရာများ စတင်လည်ပတ်နေသလို နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် စသည့် မြို့များကိုလည်း TNLA က ပိတ်ဆို့ ထိန်းချုပ်ထားသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှမ်းမြောက်တိုက်ပွဲများ၏ အဓိကလက်သည်မှာ TNLA ဖြစ်ကြောင်း ယမန်နေ့က ပြောထားသည်။

“၁၀၂၇ စစ်ဆင်ရေး” တွင် TNLA သည် မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်တစ်ဝိုက်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ်လမ်းတစ်လျှောက်ရှိ နောင်ချို၊ သိန္နီ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးအပြင် သီပေါမြောက်ဘက် နမ့်ဆန်၊ မန်တုံတို့တွင်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ထို့ပြင် နမ့်ခမ်းနှင့် မူဆယ်တို့တွင်လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (မန္တလေး) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ၊ မိုးကုတ်ဗျူဟာ PDF တပ်ရင်းများနှင့် TNLA တို့ ပူးပေါင်း၍ စစ်ဆင်နေသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *