စလင်းမှာ ပျူခေါင်းဆောင် ၁ ဦးကို ပကဖ ရှင်းလင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငါးလင်ပန်းကျေးရွာက ပျူစောထီးခေါင်းဆောင်လည်းဖြစ် သတင်းထောက်လည်းဖြစ်တဲ့ ဦးနန်းမင်းကို ဒီဇင်ဘာ ၁၃ ရက် မနေ့က ညပိုင်း ၉ နာရီလောက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – စလင်း အဖွဲ့ဆီက သိရပါတယ်။

ရှင်းလင်းခံရသူမှာ အသက် ၄၀ ကျော်ရှိပြီဖြစ်ကာ သူ့ကို စလင်းမြို့နယ်၊ ငါးလင်ပန်းကျေးရွာအနီး ချောင်းထဲမှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ငါးလင်ပန်းကျေးရွာအနီး ချောင်းထဲမှာဖြတ်သွားစဉ် ပကဖ ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းချိန် ဦးနန်းမင်းက ပစ္စတိုနဲ့ ပြန်လည်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“သူ့ကိုချောင်းထဲမှာပဲ ရှင်းလင်းခဲ့တာ။ ချောင်းရေဖြတ်အကူးမှာ ကျနော်တို့ ရှင်းလင်းခဲ့တဲ့အတွက် သူ့ရဲ့ပစ္စတိုကတော့ ချောင်းထဲမှာကျသွားတော့ ရှာမတွေ့ခဲ့ဘူး“ လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်း တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ဦးနန်းမင်းဟာ စလင်းမြို့နယ် ငါးလင်ပန်းကျေးရွာမှာ နေထိုင်ပြီး စစ်ကောင်စီနဲ့ပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေလုပ်တဲ့အပြင် သတင်းထောက်လုပ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အတွင်းသတင်းတွေကို လိုက်လံစုံစမ်းတာတွေလုပ်တာကြောင့် ခုလို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်လည်း စလင်းမြို့နယ် ဂုန်ညှင်းနယ်ကျေးရွာက စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးခေါင်းဆောင် စိုးမြင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်း အဖွဲ့က ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top