မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီဗျူဟာကုန်း သိမ်းပိုက်ခံရပြီး MNDAA အလံစိုက်ထူ

ရှမ်းမြောက်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီဗျူဟာကုန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းတွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် MNDAA အလံကို စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါဗျူဟာကုန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းကတည်းက ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေခြင်းဖြစ်ပြီး ညပိုင်းအတွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း TNLA တပ်ဖွဲ့ ၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် အဆိုပါဗျူဟာကုန်းကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် MNDAA အလံကိုစိုက်ထူခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ် ဘက်မှ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းရရှိမှုအခြေအနေကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ၁၀၅-မိုင် ဗျူဟာကုန်းသည် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန် အနီးတွင်တည်ရှိပြီး ကတုတ်ကျင်း၊ ဘန်ကာများ၊ လက်နက်ကြီးများဖြင့် အခိုင်အမာတည် ‌ဆောက်ထားသည့် စခန်းကုန်းဖြစ်ပြီး စခန်းမကျစေရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းမှအကြိမ်ကြိမ်ပစ်ခတ် ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့များသည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၄၂၂ ခုနှင့် မြို့နယ်ပေါင်း ၇ ခု ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *