ရန်ကုန်တိုင်း၊ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ညပိုင်းမှ ယခုနံနက်အစောပိုင်းအထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်းအတွင်းရှိ ဗိုလ်တထောင်၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ အလုံ၊ မြောက်ဒဂုံ၊ ဒလ၊ တာမွေ၊ စမ်းချာင်း၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တွင် ယမန်နေ့ညပိုင်းမှ ယခု နံနက်အစောပိုင်းအထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ရန်ကုန်ပြည်သူများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် နတ်စင်လမ်းထိပ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှု တစ်စုံတစ်ရာမရှိသော်လည်း ဗုံးပေါက်ကွဲပြီးနောက် ရဲကားနှင့်စစ်ကားများ ရောက်ရှိလာပြီး ဗုံးပေါက်ကွဲမှုကို စစ်ဆေးသွားခဲ့ကြောင်း သိရှိရသည်။

“ဒီမနက် ၁ နာရီခွဲလောက်မှာ ကြည့်မြင်တိုင် ကမ်းနားလမ်းနဲ့နတ်စင်လမ်းထိပ်မှာ ဗုံးကွဲတယ်။ ဗုံးကွဲတဲ့အသံက အတော်ကို ကျယ်တာ။ စမ်းချောင်းနဲ့ ဗဟန်းဘက်က ကြားလို့ မိတ်ဆွေတွေက ဖုန်းဆက်မေးကြတယ်။ ရဲနဲ့စစ်သားတွေ လာပြီး စစ်ဆေးသွားတာရှိတယ်။ လူထိခိုက်မှုတော့ မရှိဘူးလောက်ဘူး။ လူနာတင်ကားတွေ ဘာတွေ သွားတာလည်း မတွေ့ရဘူး” ဟု ဗုံးပေါက်ကွဲသည့်နေရာနှင့် မလှမ်းမကမ်းတွင် နေထိုင်သော ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လ၀ကရုံးအတွင်းမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုမှာ အသံအလွန်ကျယ်လောင်ပြီး လ၀ကရုံးအနီးရှိ နေအိမ်များပါ တုန်သွားခဲ့ကြောင်း၊ ယင်းနောက် စစ်ကား ၃ စီး ပေါက်ကွဲမှုဖြစ်ပွားအပြီး မိနစ်အပိုင်းအတွင်း ရောက်ရှိလာပြီး လ၀ကရုံးပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“တောင်ဒဂုံ လ၀ကရုံးမှာ အခုမနက် ၁၂ ခွဲလောက်မှာ ဗုံးပေါက်တယ်။ ရုံးထဲက ပေါက်တာ။ အဲဒါ ၈ မိနစ်လောက်ကြာတော့ စစ်ကား၃စီး အပြင်းမောင်းပြီး ရုံးထဲဝင်သွားတယ်။ စစ်သားတချို့ ထိခိုက်မှုရှိနိုင်တယ်ထင်တယ်။ စစ်ကားတွေ ချက်ချင်းရောက်လာတာ ၃ စီးတောင်။ အခု အဲဒီရုံးနားမှာ ပိတ်ဆို့ပြီး ရှာနေကြတယ်။ ဗုံးကွဲတော့ လ၀ကရုံးနားက အိမ်တွေပါ တုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက အခြေအနေကို ရှင်းပြသည်။

ထို့အတူ ယမန်နေ့ညပိုင်း ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ် အပါအဝင် ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ အလုံ၊ မြောက်ဒဂုံ၊ ဒလ၊ တာမွေ၊ စမ်းချာင်းနှင့်ကြည့်မြင်တိုင်မြို့နယ်တို့တွင် ဗုံးများပေါက်ကွဲပြီး လူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီခွဲအချိန် ရန်ကုန်တိုင်း၊ အလုံမြိုနယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင် လမ်းရှိ ဆောက်လုပ်ဆဲ Best Western ဟိုတယ်တွင် ဗုံးပေါက်ကွဲရာ ဟိုတယ်လုံခြုံရေးဝန် ထမ်းတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဗုံးစမှန်တာ။ သူက ဗုံးကို သွားပြီး ကြည့်တုန်း ထပေါက်တာ။ တစ်ကိုယ်လုံး ဗုံးစတွေမှန်ပြီး ဆေးရုံတင်ပို့စဉ်မှာ သေဆုံးတာပါ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်း တာမွေမြို့နယ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး လူငယ်တချို့ကို စစ်တပ်က ရမ်းသမ်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“တာမွေဈေးနား စိန် အပေါင်ဆိုင်ရှေ့ ည ၇ နာရီလောက်ကဗုံးပေါက်ပါတယ်။ အဲ့ဒီနားမှာ လူတစ်ဦးထိပါတယ်။ စစ်တပ်က လမ်းမှာတွေ့တဲ့လူငယ်လေး ၅ ယောက်ကို ဖမ်းပြီး ဒူးထောက်ခိုင်းထားတယ်။ ပြီးတော့ မြို့ထဲဘက်ကိုသွားတဲ့ အခြမ်းကို လမ်းပိတ်စစ်တယ်။ ည ၈ နာရီခွဲလောက်မှာလည်း ဗုံးတွေ ထပ်ပေါက်တယ်” ဟု တာမွေ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန်တွင်လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ည ၈ နာရီကျော်ဝန်းကျင်အချိန်တွင်လည်းကောင်း ၊ ဒဂုံဆိပ်ကမ်း၊ ဗိုလ်တထောင်၊ ဒလ၊ ရွှေပြည်သာ၊ တာမွေမြို့နယ်တို့တွင် ပေါက်ကွဲမှုများ တပြိုင်တည်းဖြစ်ပေါ်ကာ စစ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဒဂုံဆိပ်ကမ်းမှာ ကွဲတဲ့ ဗုံးက လုံခြုံရေး ပြည်သူ့စစ်တစ်ဦး ထိပါတယ်။ ဗိုလ်တထောင်မှာ ၅၂ လမ်းနဲ့ ကုန်သည်လမ်းထောင့်မှာလည်း ည ၈ နာရီခွဲ လောက်မှာ ဗုံးပေါက်ပါတယ်။ တာမွေမှာကတော့ မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးတွေ့ရှိရလို့ ဖောက်ခွဲလိုက်တာရှိတယ်။ ဗုံးပေါက်တာ ၉ နေရာလောက်ရှိပါမယ်။ သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရသူ အားလုံးပေါင်း ၃ ဦးထက်မနည်းရှိပါတယ်။ ၇၆ နှစ် လွတ်လပ်ရေးအတွက် လုံခြုံရေး တင်းကျပ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ရန်ကုန်တိုင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ည ၁၁ နာရီ ၁၅ မိနစ်အချိန် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွင်လည်း ဗုံးပေါက်ကွဲမှု ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ည ၁၁ နာရီလောက်မှာ ဒဂုံတက္ကသိုလ်နားမှာ ပစ်ခတ်သံကြားရတယ်။ အဲဒီနောက် ည ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ဗုံးပေါက်သံကြားရတာ။ ပစ်ခတ်သံကြားရပြီးမှ ဗုံးပေါက်တာ။ ဗုံးပေါက်ပြီးတော့လည်း ထပ်ပစ်သံကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း ညပိုင်း ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *