ရန်ကုန် ဘာသာရေးကျောင်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု

ကျောင်းသားကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းက အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတစ်ခုက ကျောင်းဆရာနှစ်ယောက်ကို ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒီဖြစ်ရပ်ကို ကျောင်းအုပ်ချုပ်ရေးပိုင်းက ဒီဇင်ဘာ ၈ ရက်မှာ စတင်သိရှိခဲ့ပါတယ်။

“အဲ့ဒီနေ့မနက်ပိုင်းမှာ ကျောင်းသားမိဘတစ်ဦးက ကျွန်တော့်ကို ခေါ်တယ်။ အဲဒီမှာ သိရတယ်။ သိတာနဲ့ ချက်ချင်း ကျောင်းဆရာတွေကို ခေါ်တယ်။ စစ်တယ်။ ပထမတော့ ငြင်းတယ်။ ခိုင်ခိုင်လုံလုံစစ်တော့ ဝန်ခံတယ်။ ဝန်ခံတာနဲ့ ကျောင်းထုတ်လိုက်တယ်” လို့ ကျောင်းဥက္ကဋ္ဌ ဖြစ်သူ မုဟမ္မဒ်ရှာမင်းဟာရှင်မ်ဘာဝါးက ပြောပါတယ်။

ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ကို ကျောင်းထုတ်လိုက်တာတစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ ကန့်ကွက်မှုတွေ ရှိလာပြီးတဲ့နောက် ရဲစခန်းအထိ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ကျူးလွန်မှုဘယ်လို ပေါ်ပေါက်ခဲ့သလဲ

ကျောင်းဆရာနှစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ကလေးငယ်တစ်ယောက်ရိုက်ကူးထားတဲ့ ရုပ်သံကနေတဆင့် မိဘတွေက သိရှိခဲ့တာပါ။

ကျောင်းတာဝန်ရှိသူကတော့ ဒီဇင်ဘာ ၁၄ ရက်မှာ မြို့နယ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီအခြေအနေတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အမှုမှာ အဓိကသက်သေဖြစ်တဲ့ ကလေးငယ်ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကိုတော့ ပန်းဘဲတန်း ရဲစခန်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့လယ်က အပ်နှံထားလိုက်ပြီလို့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။

ကျူးလွန်တယ်လို့စွပ်စွဲခံရသူနှစ်ဦးကို ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ပန်းဘဲတန်းရဲစခန်းမှာ အမှုဖွင့်ခဲ့တဲ့အကြောင်း အုပ်ထိန်းသူတစ်ဦးပြောပါတယ်။

ဒီကိစ္စရပ်တွေကို ကျူးလွန်ခဲ့ပါတယ်လို့ ကျူးလွန်သူတွေက လက်မှတ်ရေးထိုး ဝန်ခံထားတဲ့ စာရွက်တစ်ရွက်လည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

စွပ်စွဲခံရသူနှစ်ဦးဟာ ကျောင်းကထုတ်ပယ်ခံရပြီးတဲ့ နောက်ပိုင်းမှာတော့ နေအိမ်တွေကနေ ရှောင်တိမ်းနေတယ်လို့လည်း ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားမှုတွေ ရှိနေပါတယ်။

ကျောင်းကနေထုတ်ပယ်ခံလိုက်ရပြီး အမှုဖွင့်ခံထားရတဲ့ ကျောင်းဆရာနှစ်ဦးကတော့ မော်လဝီမူဆာ(Molvi Moosa) နဲ့ မော်လဝီအဗ္ဗဒူလ်ရာရှစ် (Molvi Abdur Rashid) ဖြစ်ပါတယ်။

သူတို့နှစ်ဦးမှာ တစ်ဦးက ဒီကျောင်းမှာ စာသင်နေတာ ၁၀ နှစ်နီးပါးရှိပြီး နောက်တစ်ဦးကတော့ ၄ နှစ်ခန့် ရှိပြီလို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။

သူတို့နှစ်ဦးကို ကျောင်းကနေထုတ်ပယ်ရုံသာမက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ တောင်းဆိုနေပါတယ်။

“အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လူညွန့်တုံးအောင် လုပ်တဲ့ကိစ္စကို ကျွန်တော်တို့ အသိုင်းအဝိုင်းက လုံးဝလက်မခံဘူး။ ပြင်းထန်စွာ ကန့်ကွက်တယ်။ ရှုတ်ချတယ်။ ထိထိရောက်ရောက်အရေးယူဖို့ တောင်းဆိုချင်တယ်” လို့ လိုက်ပါကူညီပေးနေသူတစ်ဦးက ကပြောပါတယ်။

နစ်နာသူတွေ ရှိခဲ့တယ်လို့ဆို

ကျောင်းတည်ထောင်လာတဲ့ ၁၀၈ နှစ်အတွင်း ဒီလို တခါမှမဖြစ်ခဲ့ဖူးဘူးလို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဥ်မတိုင်ခင်ကတည်းက အလားတူကျူးလွန်ခံရသူ ကလေးငယ်တွေ ရှိခဲ့ပြီး အများစုဟာ အသက် ၁၀ နှစ်အောက် ယောက်ျားလေးတွေဖြစ်တယ်လို့ နစ်နာသူတွေက ဘီဘီစီကို ပြောပါတယ်။

ဒီနှစ်ချက်နဲ့ပတ်သက်လို့ ကျောင်းဘက်ကို ဘီဘီစီက ထပ်မံမေးမြန်းရာမှာတော့ အမှုဖွင့်ထားပြီးဖြစ်လို့ အပြစ်ရှိတဲ့သူက အပြစ်ခံရမှာဖြစ်ကြောင်းနဲ့ ကျူးလွန်သူနှစ်ဦးက အရင်က ဖြစ်စဥ်တချို့ကိုပါ ဝန်ခံခဲ့ကြောင်း တုံ့ပြန်ပါတယ်။

“ဘာသာရေးကျောင်းတွေမှာ ဒီလိုပုံစံတွေ ဖြစ်နေတာလားဆိုပြီး တော်တော်လေးခံစားရတယ်။ ယူကျုံးမရဖြစ်မိတယ်။ ဒါနဲ့ ပတ်သက်ပြီး ရင်ကွဲရတယ်” လို့ အမှုဖွင့်တိုင်တန်းခဲ့တဲ့ မိဘတစ်ဦးက ပြောပါတယ်။

ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းက အစ္စလာမ်ဘာသာရေးစာသင်ကျောင်းဟာ သုံးထပ်ကျောင်းဖြစ်ပြီး စာသင်ကြားနေသူ ကျား/မ အရေအတွက် ၁၇၈ ယောက်ရှိပြီး အသက် ၅ နှစ်ကနေ ၁၂ နှစ်အရွယ်ကလေးငယ်တွေ ဖြစ်ပါတယ်။

အဲဒီကလေးငယ်တွေကို အချိန် ၃ ချိန်ခွဲပြီး ဆရာ ၁၁ ယောက်က သင်ကြားပေးနေတာပါ။

ကျူးလွန်သူတွေဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့အခါ ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားတဲ့အတွက် မိဘတွေကို ပြန်မပြောကြတာလို့ အုပ်ထိန်းသူမိဘတွေက ပြောပါတယ်။

ဘာသာရေးကျောင်းတချို့မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ဖြစ်ရပ်တွေဟာ ၂၀၂၃ ခုနှစ်အတွင်းမှာတင် ၃ ခုထက်မနည်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်က YGW မိဘမဲ့ကျောင်းမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူတစ်ဦး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ခံခဲ့ရပြီး ဒီဖြစ်စဥ်နဲ့ပတ်သက်တဲ့ နောက်ထပ်လူ ၃ ဦးခန့်ကိုလည်း အမှုဖွင့် ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။

’’အရင်ကတည်းက ဒါမျိုးတွေ ရှိခဲ့ဖူးတယ်။ မိဘတွေက သိခဲ့ကြတာတောင် ထုတ်မပြောရဲခဲ့ကြဘူး။ အခုက ဆိုရှယ်မီဒီယာပေါ်အထိ တက်ရေးလာတဲ့သူတွေ၊ အမှန်တရား ပေါ်ပေါက်အောင် ကူညီပေးမယ်ဆိုတဲ့လူတွေရှိလို့ ထုတ်ပြောရဲလာကြတာ’’ လို့ ဒီအမှုအကြောင်း သိရှိသူတစ်ဦးကပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *