ဝိုင်းမော်တွင် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း ဒေသခံများပြောကြား

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အနီးရှိ ဝါဆာဒီရွာသစ် တွင် စစ်ကောင်စီတပ်မှ Mi-35 ရဟတ်ယာဉ်တစ်စီးပျက်ကျသွားကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ရွှေညောင်ပင်နှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ဝါဆာဒီရွာသစ်တွင် စစ်ကောင်စီ၏ Mi-35 ရဟတ်ယာဉ်စီးပျက်ကျ သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ရွှေညောင်ပင်ကို ဝိုင်းမော်မြို့ပေါ် ခလရ-၃၂၁ ကနေ လက်နက်ကြီးတွေနဲ့ရော လေကြောင်းက ပါပစ်နေတာ မနက် ၅ နာရီလောက်ကတည်းက။ ရွာထဲကိုကျပြီး အိမ်တွေလည်း မီးလောင်ကုန်တယ်။ နောက် ဝါဆာဒီရွာပေါ်ကို ရဟတ်ယာဉ် တစ်စီးပျက် ကျသွားတယ်”ဟု ဝိုင်းမော်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရဟတ်ယာဉ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့၏ ပစ်ချတိုက်ခိုက်မှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိနေသော်လည်း ဧရာ၀တီတိုင်းမ်သတင်းဌာန အနေဖြင့် ဆက်လက် စုံစမ်းအတည်ပြုလျက်ရှိသည်။

ယင်းဝိုင်းမော်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းမှစတင်၍ တိုက်ပွဲပြင်းထန်နေပြီး ဦးရွှေမင်း၏ ပြည်သူ့စစ်စခန်း နှင့် တာလောကြီး ပြည်သူ့စစ်စခန်း နှစ်ခုကို KIA မှတစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ နေ၍ ငါး ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ ပြီး ခလရ-၃၂၁ ကလည်း လက်နက်ကြီးများဖြင့် အကြိမ် ၄၀ ထက်မနည်း ပစ်ကူခဲ့ကြကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီ၏ Mi-35 ရဟတ်ယာဉ် တစ်စီးကို တွေ့ရစဉ် (ပုံဟောင်း)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top