နမ့်ဆန်စစ်ကောင်စီဗျူဟာကုန်းမှ ဟောင်ဝစ်ဇာအမြောက် ၂လက်အပါအဝင် လက်နက်များစွာရဟု TNLA ပြော

နမ့်ဆန်မြို့ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို TNLAက ဒီဇင်ဘာ ၁၀ရက်တွင် စတင်ခဲ့ရာ ၆ရက်အကြာ ဒီဇင်ဘာ ၁၅ရက်တွင် တပ်စခန်းအားလုံးကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

နမ့်ဆန်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ခဲယမ်းများစွာရရှိကြောင်း ဒေသအခြေစိုက်ရွှေဖီမြေက သတင်းနှင့် ဓာတ်ပုံများဖော်ပြခဲ့ရာ ယင်းသတင်းမှာ မှန်ကန်သည်ဟု TNLAအရာရှိက အတည်ပြုသည်။

“နမ့်ဆန်မြို့စခန်းကိုတော့ ဒီဇင်ဘာ ၁၅ရက်ကတည်းက သိမ်းပိုက်ရရှိတယ်။ ဒါပေမဲ့ အကုန်လုံးရှင်းလင်းရင်းနဲ့ အချိန်နည်းနည်းကြာသွားတယ်။ အခု ပြောနိုင်တာက ဟောင်ဝစ်ဇာ ၂လက်ပါမယ်။လက်နက်ကြီး ပစ်တာတွေ အများအပြားရှိမယ်ပေါ့နော်။။ ပြီးရင် လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိတာရှိတယ်။စာရင်းအသေးစိတ်တော့ ကျမတို့ဆီမရောက်သေးဘူး”ဟု TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိပြီး စာရင်းအသေးစိတ် မသိရသေးဟု ဆိုသည်။

“မြို့အခြေအနေကတော့ တခါတခါတော့သူတို့က မနေ့ကဆို လေယာဉ်နဲ့လာကြဲတာရှိပါတယ်။ ပြီးရင် မန်တုံကနေလက်နက်ကြီးပစ်တာတွေလည်းရှိပါတယ်”ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် နမ့်ဆန်မြို့ရှိနေအိမ်အဆောက်အဦးများစွာပျက်စီးခဲ့ပြီး အရပ်သား သုံးဦးသေဆုံးခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *