ရဲစခန်းထဲ လင်းတပြုတ်ကျလို့ ပွဲပေးကာ မောင်းတီးပြီးပြန်လွှတ်ပေးခဲ့ (ရုပ်သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရဲစခန်းထဲကို လင်းတ(လဒ)တကောင်ကျရောက်ခဲ့လို့ အုန်းပွဲငှက်ပျောပွဲတွေနဲ့ မောင်းတီးကာ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ညနေ ၄နာရီဝန်းကျင်က နတ်တလင်းမြို့နယ်၊ တာပွန်နယ်မြေ ရဲစခန်းဝန်းအနောက်ဘက်ကို ၇ ပိဿာဝန်းကျင်အလေးချိန်ရှိတဲ့ လင်းတတကောင် ထိုးကျလာခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီလင်းတကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက် ၁၀ နာရီ ၁၀ မိနစ်မှာ ထွေအုပ်ရုံးကတဆင့် ဆိုင်ကယ် ကယ်ရီမောင်းသူတွေက တောစပ်တနေရာမှာ သွားလွှတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလို လင်းတပြုတ်ကျလာတာနဲ့ပတ်သက်ပြီး လက္ခဏာဆရာမတဦးကလည်း အတိတ်နိမိတ်မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ မှတ်ချက်ပြုထားပါသေးတယ်။

ရဲစခန်းထဲ လင်းတပြုတ်ကျတယ်ဆိုလို့ လာရောက်ကြည့်ရှုကြသူတွေလည်း အများအပြားရှိခဲ့သလို အယူအဆရှိသူ မြို့ခံအချို့ကလည်း ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ဆယ်လပိုင်းကုန်လောက်ကနေ ၂ လပိုင်းအလယ်လောက်ထိ လင်းတအပါအဝင်ဆောင်းခိုငှက်အချို့ ဆောင်းခိုလာကြလေ့ရှိတယ်လို့ အသားစားငှက်လေ့လာသူတဦးက ပြောပါတယ်။

” မြန်မာပြည်မှာတော့ ဟိမဝန္တာ လင်းတမျိုးများတယ် ဆောင်းလာခိုတာ။ နှစ်တိုင်းပြုတ်ကျတယ်အကို။ လင်းတတွေက ဝိတ်တအားများတော့ ပျံလာရတဲ့ခရီးလည်းဝေးတာပါတယ်။ နှစ်တိုင်း ဒီချိန်ဆိုခဏခဏကြားရတယ်။ ဆောင်းလာခိုတဲ့ လင်းတ၂ မျိုးထဲမှာ ဟိမဝန္တာမျိုးက ခဏခဏပြုတ်ကျတတ်တယ်။ နှစ်တိုင်းကိုကျတာ။ ” လို့ သူက ပြောပါတယ်။

၂၀၁၂ ဒီဇင်ဘာ ၂၃ ရက်တုန်းကလည်း ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မှာ လင်းတငှက် ၆ ကောင်လာရောက်နားခဲ့ပါသေးတယ်။ အဲ့ဒီ လင်းတ ၆ ကောင်ဟာ ဟိမဝန္တာလင်းတ (Himalayan Griffon)တွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငှက်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းဆီက သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *