ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်အုပ်စု စစ်ကူ မပေးနိုင်တော့ဘဲ စခန်းတွေ ထပ်မကျဖို့သာ ခုခံနေ

မြေပြင်က စစ်အုပ်စုတွေ အသက်မသေချင်ရင် အလင်းဝင်ဖို့ ညီနောင်သုံးဖွဲ့ တိုက်တွန်း

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ညီနောင်မဟာမိတ် သုံးဖွဲ့ ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေ အတွင်း စစ်အုပ်စုဟာ စစ်ကူ မပေးနိုင်တော့ဘဲ စခန်းတွေ ထပ်မကျဖို့သာ အသည်းအသန် ခုခံနေရတဲ့ အခြေအနေ ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး (၅၂) ရက်မြောက်နေ့ ထုတ်ပြန်ချက်မှာ ညီနောင်မဟာမိတ် သုံးဖွဲ့က အဲ့ဒီလို ဖော်ပြပြီး အသက်မသေလိုတဲ့ စစ်အုပ်စု တပ်သားတွေ အနေနဲ့ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဖို့ တိုက်တွန်းထားပါတယ်။

စစ်အုပ်စုဟာ တိုက်ပွဲအများစု မှာ စစ်ကူမပေးနိုင်တော့ဘူးလို့ တရားဝင်ထုတ်ပြန် အသိပေးထားတာပါ။

ညီနောင် သုံးဖွဲ့ရဲ့ ထိုးစစ် အရှိန်ကြောင့် စစ်အုပ်စုဟာ စခန်းတွေ တစ်ခုပြီး တစ်ခု လက်လွတ်ဆုံးရှုံးနေရပြီး ကျန်ရှိနေသေးတဲ့ သူတို့ရဲ့ စခန်းတွေကို ဆက်လက် မဆုံးရှုံးဖို့ကိုသာ အဓိကထားပြီး ခုခံကာကွယ်နေတယ်လို့ TNLA တာဝန်ရှိသူက MFP ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ လက်ရှိ အခြေအနေဟာ ညီနောင်မဟာမိတ် သုံးဖွဲ့က သူ့တို့ကို ဘယ်အချိန် လာတိုက်ပြီး သူတို့ အသက်ကို လာနှုတ်ယူမလဲ ဆိုတာ စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်နေပြီလို့ ဆိုပါတယ်။

“တပ့်မတော်၏ “ငါမသေ ငါ့စခန်း မကျစေရ” ဆောင်ပုဒ်သည် သမိုင်းတွင် ကျန်ရစ်ကာ “ငါ့အသက်ကို ညီနောင် မဟာမိတ် သုံးဖွဲ့က ဘယ်အချိန် လာယူမလဲ” ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှ မပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံး အသိပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ တပ်မတော်သားများ အနေဖြင့် အသက် မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်း လိုက်ပါသည်။ “အသက်ကို ဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်သည်” လို့ ညီနောင် သုံးဖွဲ့က ဖော်ပြပါတယ်။

လက်ရှိမှာ ရှမ်းမြောက်ဒေသမှာတော့ စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ညီနောင် သုံးဖွဲ့က သတ်မှတ်ထားတဲ့ စစ်ရေးနယ်မြေတွေမှာ တိုက်ပွဲတွေ ဆက် ဖြစ်နေတယ်လို့လည်း TNLA တာဝန်ရှိသူက ပြောပါတယ်။
တအာင်းစော်ဘွား အဆက်အဆက် နန်းစိုက်ခဲ့တဲ့ မြို့အဖြစ်ကနေ အာဏာရှင် အုပ်စိုးမှုအောက် (၆၄)နှစ်ကြာ ကျရောက်ခဲ့ရတဲ့ နမ့်ဆန်မြို့ကို တအာင်းတပ်မတော် – TNLA က ဒီဇင်ဘာ(၁၀)ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ခြောက်ရက်အကြာ ဒီဇင်ဘာ(၁၅)ရက်မှာ နမ့်ဆန်မြို့ကို စစ်အုပ်စုထံကနေ အလုံးစုံ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နမ့်ဆန်မြို့ကို သိမ်းပိုက်ပြီးနောက် နမ့်ခမ်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး စစ်အုပ်စုရဲ့ နမ့်ခမ်း “စခန်းသစ်ကုန်း”ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း TNLA က ပြောပါတယ်။

တအာင်း – TNLA၊ ကိုးကန့် – MNDAA နဲ့ ရက္ခိုင် – AA တို့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသက စစ်အုပ်စု စခန်း(၃၀၀)ကျော်၊ အဓိကမြို့ကြီး ခုနှစ်မြို့နဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ် လေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *