အထက်အမိန့်ကြောင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်ရာတွင် သေကြေ ပျက်စီးခဲ့ရသော အပြစ်မဲ့ပြည်သူများကို ဝန်ချတောင်းပန်ဟု ဖမ်းဆီးခံ ပိုင်းလော့ ဗိုလ်မှူး ခိုင်သန့်မိုးပြော ၊ မိမိလုပ်ရပ်အတွက် နောင်တကြီးစွာ ရမိဟုဆို

အထက်အမိန့်ကြောင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်ခဲ့ရာတွင် သေကြေ ပျက်စီးခဲ့ရသော အပြစ်မဲ့ပြည်သူများကို ဝန်ချတောင်းပန်ပါကြောင်း ဖမ်း ဆီးခံ တိုက်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးပြောဆိုလိုက်ပြီး မိမိလုပ်ရပ်အတွက် နောင်တကြီးစွာ ရမိနေသည်ဟု ၎င်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက Interim Executive Council of Karenni State က ထုတ်ပြန်သော ဗိုလ်မှူး ခိုင်သန့်မိုး၏ ပြောဆိုချက်တွင် ၎င်းက အထက်ပါအတိုင်း ပြည်သူများကို တောင်းပန်လိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက်နေ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလေတပ် ၏ K 8W အမျိုးစားတိုက်လေယာဉ်ပျက်ကျခဲ့ရာ တိုက်လေယာဉ်မှူး ၂ ဦး လေယာဉ်မှ ခုန်ထွက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီးယင်းလေယာဉ်မှူးနှစ်ဦးထဲမှ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးဖွဲ့များက နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

“ကျနော် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့အကြိမ်ရေကတော့ အကြိမ်ရေ ၄၀ လောက်ရှိပါတယ်။ အကြိမ်ရေ ၄၀ လောက်မှာ ကျနော် ထမ်းဆောင်ခဲ့ဖူးတဲ့နေရာတွေကတော့ မြစ်ကြီးနားနဲ့ ကယားဘက်ကို ထမ်းဆောင်ခဲ့ဖူးတယ်။ မြစ်ကြီးနားမှာတုန်းက တောင်ကုန်းမှာ ဗုံးကျဲတိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ အခုလည်း ကယားဘက်မှာဆိုရင်တော့ ဘုရားဖြူဘက်မှာ ဗုံးကျဲတိုက် ခိုက်တာတွေကို ကျနော်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုမျိုးလုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီးတော့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်တာ ကျနော် ပြန်လည် ကြားသိရတဲ့အတွက်ကြောင့် တကယ်လည်း စိတ်မကောင်းဖြစ်ပါတယ်။ တကယ်လည်း နောင်တလည်းရပါတယ်။ တကယ်လည်း ကျနော့်ကြောင့် သေကြေပျက်စီးသွားရတဲ့ မိသားစုတွေကို ဒီနေရာကနေ ဝန်ချပြီးတော့ တောင်းပန်ချင်ပါတယ်။ ရင်ထဲကနေ ပြီးတော့ တောင်းပန်ချင်ပါတယ်။ ပျက်စီးသွားတဲ့ မိသားစုတွေ၊ ကျနော် ဗုံးကျဲလိုက်လို့ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ နေရာတွေ၊ ကျနော်ဗုံးကျဲလိုက်လို့ တကွဲတပြား ဖြစ်သွားတဲ့ မိသားစုတွေ။. လက်ရှိလည်း တကယ့်ကို ကိုယ်ချင်းစာပြီးတော့ တကယ့်ကို နောင်တရ ဝန်ချပြီးတော့ ကျနော်လုပ်ခဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ်မှာ ကျနော်ရဲ့ လုပ်ရပ်အတွက် ဝန်ချပြီးတော့ ဒီနေရာကနေ တကယ့်ကို ရင်ထဲကနေပြီးတော့ တောင်းပန်ချင်ပါတယ်” ဟု ဗိုလ်မှူး ခိုင်သန့်မိုးက ပြောဆိုသည်။

လေသူရဲများသည် အထက်က ပေးအပ်သည့် အမိန့်အရ တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပြီး လုပ်ဖောက်ကိုင်ဖက် လေသူရဲများအနေဖြင့် အထက်က အမိန့်ပေးသည့်အတိုင်း မလုပ်ကြဘဲ သေချာစွာ စိစစ်ကြရန် ၊ အောက်တွင် အပြစ်မဲ့ ပြည်သူများ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ တိုင်းရင်းသားညီအစ်ကို များရှိနေသည်ကို ကိုယ်ချင်းစာတရားဖြင့် သေချာစွာ စိစစ်ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းသည်။

“လက်ရှိလည်း လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ လေကြောင်း ပစ်ကူပေးတဲ့အချိန်မှာ မိမိကိုပေးလာတဲ့ တာဝန်တွေကို သေချာစိစစ်ဖို့ သေချာခွဲခြားဖို့ လိုပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ့်တိုင်းရင်းသား ညီအကိုတွေ အောက်မှာရှိတဲ့ကလေးတွေ အပြစ်မဲ့တဲ့ ပြည်သူတွေ အပြစ်မဲ့တဲ့ သက် ကြီးရွယ်အိုတွေ ဒုက္ခ ရောက်နေကြလားဆိုတာကို သေချာလေး သိစေချင်ပါတယ်။ ကိုယ်ပစ်တဲ့ ပစ်မှတ်တဲ့ ပစ်မှတ်တွေအားလုံးကိုလည်း တာဝန်အရ ပစ်ရပြီဆိုရင်လည်း သေသေချာချာကို ခွဲခြားပြီးတော့ သေချာ ကိုယ်ချင်းစာတရားနဲ့လုပ်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်တိုက်လေယာဉ်မောင်းများအနေဖြင့် စာသင်ကျောင်း၊ဆေးရုံ ကဲ့သို့သော အရပ် ဘက်ပစ်မှတ်များကိုလည်း ပစ်ခတ်ရသည်များလည်းရှိကြောင်း၊ စစ်ဘက်မဟုတ်သော အရပ်ဘက် ပစ်မှတ်များကို ပစ်ခတ်ရာတွင်လည်း စစ်ဘေးရှောင်စခန်းများကိုပါ ပစ်ခတ်ရမှုများရှိကြောင်း ၎င်းက ရှင်းပြသည်။

“အခု ရွာတွေ မြို့တွေကို ပစ်တာနဲ့ပတ်သက်ပြီးတော့ ဒီးမော့ဆိုမှာဆိုရင်လည်း ဆေးရုံတွေ စာသင်ကျောင်းတွေ အရပ်ဘက်ပစ်မှတ်တွေ စစ်ဘက်မဟုတ်တဲ့ ပစ်မှတ်တွေကို ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ လေသူရဲတွေ ဒါသွားပြီးတော့ ပစ်ခဲ့တာရှိပါတယ်။ ဖရူဆိုဘက်မှာဆိုရင်လည်း စစ်ရှောင် စခန်းတွေကို သွားပြီးတော့ ပစ်ခဲ့တာရှိပါတယ်။ သူတို့ကတော့ လေသူရဲတွေကတော့ ဗိုလ်မှူးမျိုးသူ တို့ ဗိုလ်မှူး နိုင်လင်းအောင် တို့ သွားပြီး‌တော့ ပစ်ခဲ့တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးခိုင်သန့်မိုးက ရှင်းပြသည်။
၎င်းအနေဖြင့် KNDF ထံတွင် ပြစ်ဒဏ်များ ကျခံရပြီးပါက မိသားစုထံ ပြန်လည်သွားရောက်မည်ဖြစ်ပြီး သားနှင့်သမီးကို စောင့်ရှောက်မည်ဟု ၎င်းက ဆိုသည်။

“လက်ရှိအထိတော့ ကျနော့်ကို ကျန်းကျန်းမာမာနဲ့ အသက်အန္တရာယ်ကင်းရှင်းစွာနဲ့ ထိန်းသိမ်းထားပါတယ်။ မိသားစုကို ကျနော်ပြောချင်တဲ့အကြောင်းအရာကတော့ ကျနော်လုပ်ခဲ့တဲ့ ကျနော့်အပြစ်တွေအတွက် KNDF ကပေးတဲ့ အပြစ်တွေ ခံယူပြီးပြီဆိုရင်တော့ မိသားစုနဲ့ တချိန်မှာ ပြန်လည် ဆုံတွေ့ပါတယ်။ ကျနော့်သားတွေ သမီးတွေကို ဒီနေရာကနေ အများကြီး သတိလည်း ရပါတယ်။ လွမ်းလည်း လွမ်းဆွတ်ပါတယ်။ ကျနော့်ရဲ့ အခုပုံကို မြင်နေရတယ်ဆိုရင် အား တင်းထားပါ။ ကျနော်လည်း အားတင်းထားပါတယ်။ အကယ်၍ ဒီကိစ္စတွေ အားလုံးပြီးတဲ့အချိန်မှာ ပျော်ရွှင်စရာ မိသားစု ဘ၀ကို တည်ဆောက်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *