နမ့်ခမ်းနှင့် ကွတ်ခိုင်တပ်စခန်းများရရှိရေး TNLA ဆက်လက်ထိုးစစ်ဆင်

အသိမ်းခံထားရသည့် နမ့်ဆန်နှင့်တိုက်ပွဲဖြစ်ရာနေရာများကို စစ်ကောင်စီ လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်၊အရပ်သားထိခိုက်မှုရှိ

တအာင်းတပ်မတော်(TNLA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ၅၃ ရက်မြောက်တိုက်ပွဲသတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၈ရက် နံနက်တွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းအား TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်မှု ဆက်လုပ်ခဲ့ရာ တိုက်ပွဲဖြစ်နေစဉ် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ နမ့်ဖတ်ကာတပ်စခန်းမှ လက်နက်ကြီးဖြင့် (၃) ကြိမ် ပစ်ကူခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ကွတ်ခိုင်တပ်စခန်း” အား ဆက်လက်ထိုးစစ်ဆင်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ထောက်ပို့ယာဉ်ဖြင့် နမ့်ခမ်းမြို့ရှိ စခန်းသစ် ကုန်းတွင် တစ်ကြိမ်၊ နမ့်ဖတ်ကာစခန်းတွင် (၁) ကြိမ်၊ ကွတ်ခိုင်စခန်းတွင် (၁) ကြိမ်၊ နမ္မတူစခန်းတွင် (၁) ကြိမ် လက်နက်ခဲယမ်းများဖြည့်တင်းပြီး စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် TNLAသိမ်းပိုက်ထားသည့် နမ့်ဆန်မြို့အား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ မန်တုံမြို့ရှိ ရန်သူ၏ ခလရ (၁၃၀) တပ်စခန်းမှလည်း နမ့်ဆန်မြို့အား လက်နက်ကြီးဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ခလရ (၁၃၀) တပ်စခန်းသည် မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာ၊ ဆွယ်ဟိန်းကုမ္ပဏီ လက်ဘက်စက်ရုံကုန်း၊ ဒုက္ခသည် စခန်းနှင့် ပန်နင်ကျေးရွာလမ်းခွဲသို့ လက်နက်ကြီးဖြင့် (၃၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
အလား တူပင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ဟူးကွက်ကျေးရွာအား လက်နက်ကြီးဖြင့် (၅) ကြိမ်၊ လေယာဉ် ဖြင့် (၂) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဟူးကွက်ကျေးရွာ ဒေသခံ နှစ်ဦးသေဆုံးခဲ့ကာ နေအိမ်အလုံး ၂၀မှာ ထိခိုက် ပျက်စီးခဲ့ရသည်ဟု အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ မန်တုံမြို့အား ဂျက်ဖိုက်တာဖြင့် (၇)ကြိမ်တိတိ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – The Ta’ang Post)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top