ပခုက္ကူရှိ တပ်မ(၁၀၁)နှင့်လက်အောက်ခံတပ်များအား PDFများက ကိုယ်တိုင်ထုတ်တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)နှင့် လက်အောက်ခံတပ်များအား ကိုယ်တိုင်ထုတ် တာဝေးပစ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူအခြေစိုက် Cobra Oneအဖွဲ့က အသိပေး ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၇ ရက် ည ၇နာရီခန့်က ပခုက္ကူမြို့ရှိ စစ်ကောင်စီ၏ တပ်မ(၁၀၁)နှင့်လက်အောက်ခံတပ်များကို ဒေသတွင်း PDF များက ရဲဘော်များကိုယ်တိုင်ပြုလုပ်ထားသည့် တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One အဖွဲ့က အသိပေးသည်။

တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံးကာ သုံးဦးဒဏ်ရာရသွားကြောင်း Cobra One အဖွဲ့က ဆိုသည်။ ထို့အပြင် တပ်တွင်းရှိ ဆီလှောင်ကန်တစ်လုံးပေါက်သွားခဲ့ပြီး လိုင်းခန်းအချို့ ပျက်စီးမှုရှိကြောင်း Cobra One အဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောသည်။

“ပခုက္ကူ (၁၀၁)တပ်မကနေ အနောက်ဘက် ၂၅၂တပ်ကနေ (၈)တပ်လောက်ရှိပါတယ်။ အဲဒီတပ်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။”ဟု ဗိုလ်မြွေဟောက်က ပြောသည်။

အလားတူ တစ်ချိန်ထဲမှာပင် တပ်မ(၁၀၁)လက်အောက်ခံ အနောက်ဘုန်းကန်ကျေးရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများကိုလည်း တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One အဖွဲ့က ထပ်မံအသိပေးသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီးများနှင့်စစ်သားများ ဒဏ်ရာအများအပြားရရှိပြီး ပျူစောထီးများ၏ နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း Cobra One အဖွဲ့က ဆိုသည်။ ထိခိုက်သူများကို ညတွင်းချင်းဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များ၌ စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေများကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုကို COBRA ONE pakokku ၊စနေမင်းပြောက်ကြားတပ်ဖွဲ့ -TAR TAY kakokku – ပခုက္ကူခရိုင်တပ်ရင်း(၆) ၊(၁၅)၊ PPDF (PKU)၊ PSGF(ပခုက္ကူ ပကဖ)၊Young Force၊ Earthquake၊ King Fighter ၊ မြိုင်ပကဖ၊မြိုင်Local၊ ဆင်ရိုင်းရာဇာ -PRDF၊ UAVဖိုက်တာမြွေဆိုး Royal Defence Force ၊ ဘာမထီ၊ အေမ့သား -လင်းယုန်နက် ၊ ဦးလေးကြီး -ထိရွ၊ PCM Force၊ အညာမုန်တိုင်၊ အညာဒေါင်း Gen 21၊နှလုံးလှလူမိုက်၊ Dragon Force) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်နိုင်ရန် ရန်ပုံငွေများလိုအပ်နေ၍ ပြည်သူများပူးပေါင်းပါဝင်နိုင်ကြောင်း Cobra One အဖွဲ့က အသိပေးထားသည်။

Cobra One အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အနောက်ဘုန်းကန်ကျေးရွာရှိ စစ်ကောင်စီတပ်အား တာဝေးပစ်ရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *