စကစထံမှ လေယာဉ်ပစ် အလက် ၅၀ ထက် မနည်း သိမ်းဆည်း ရမိထား

ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးနဲ့ နိုင်ငံရဲ့ တခြားသော စစ်မျက်နှာ အသီးသီးက တိုက်ပွဲတွေမှာ တော်လှန်ရေး တပ်တွေဟာ လေယာဉ်ပစ်လို့ ရတဲ့ စက်သေနတ် အကြီးစား အလက် ၅၀ ထက် မနည်းကို သိမ်းယူ ရရှိထားတယ်လို့ PDF insights က ခန့်မှန်း ပါတယ်။

အခုနောက်ဆုံး TNLA တို့ သိမ်းပိုက်ရရှိခဲ့တဲ့ နမ့်ဆန် ဗျူဟာကုန်းမှာ ဆိုရင် အမြင့်ပေ မီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ တရုတ်နိုင်ငံထုတ် QJG-02 လေယာဥ်ပစ် စက်သေနတ်ကြီးကို သိမ်းယူရရှိခဲ့ပါတယ်။ တစ်မိနစ်ကို ကျည်အတောင့်ရေ ၆၀၀ အထိ ပစ်ခတ်နိုင်တဲ့ အဲဒီ စက်သေနတ် အပြင် အမေရိကန်ထုတ် ပွိုင့်-၅ ဘရောင်နင် စက်သေနတ်ကြီး (၃) လက်ကိုပါ သိမ်းဆည်း ရမိလို့ လေယာဉ်ပစ် လက်နက် စုစုပေါင်း ၄ လက် ရရှိခဲ့တာ ဖြစ်ပါတယ်။

ရှေ့က တိုက်ပွဲတွေမှာလည်း အလားတူ အကြီးစား စက်သေနတ်တွေ အမြောက်အမြား သိမ်းပိုက် ရရှိခဲ့တာကိုလည်း သတင်းတွေ၊ ဓာတ်ပုံတွေမှာ မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒီလက်နက်တွေဟာ အမြင့်ပျံနေတဲ့ ဂျက်တိုက်လေယာဉ်တွေကို ထိထိမိမိ ပစ်ချနိုင်ဖို့ သိပ်မလွယ်ပေမယ့် မြေပြင်နား ကပ်ပျံပြီး ပစ်မှတ် ချိန်ရွယ်နိုင်ခြင်း မရှိအောင် ဟန့်တားနိုင် တာကြောင့် စခ လေယာဉ်တွေဟာ အခုနောက်ပိုင်း ပစ်မှတ်က်ို တိတိကျကျ ချေမှူန်းနိုင်စွမ်း နည်းပါးလာတာ ဖြစ်ပါတယ်။

Mi 35 နဲ့ Mi 17 တို့လို ရဟတ်ယာဉ်တွေ အတွက်တော့ ဒီစက်သေနတ်ကြီးတွေဟာ ကြောက်စရာ အကောင်းဆုံး ရန်သူတော်တွေပါပဲ။ ရွှေ့လျား လေကြောင်းရန် ကာကွယ်ရေး ကွန်ယက် (Mobile air defense gun network) တခု ထူထောင်ပြီး စစ်ကူချဖို့၊ ရိက္ခာချဖို့၊ အနီးကပ် လေကြောင်းပစ်ကူ ပေးဖို့ ဆင်းသက်လာတဲ့ စစ် ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ရင် စကစရဲ့ လေကြောင်း စွမ်းရည်ဟာ သိသိသာသာ ကျဆင်းသွားတော့မှာ အသေအချာပါပဲ။ Mi-8 သယ်ပို့ ရဟတ်ယာဥ် ၄-၅ စီး လောက်ကို ပစ်ချနိုင်ရင်ကို စစ်တပ်ရဲ့ သယ်ယူပို့ဆောင်နိုင်မှု စွမ်းရည် တော်တော်လေး ထိခိုက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိ စစ်မြေပြင် သတင်းတွေအရ စကစဆီကနေ သိမ်းပိုက် ရရှိတဲ့ လေယာဉ်ပစ် စက်သေနတ် အကြီးစား အရေအတွက်ဟာ အလက် ၅၀ ထက် မနည်း ရှိနေပြီလို့ ခန့်မှန်းရပါတယ်။ ဒီလို လေယာဥ်ပစ် စက်သေနတ်ကြီး မျိုးစုံကို စကစ ဆီကနေ အမြောက်အမြား သိမ်းပိုက် ရရှိနေတာ ဖြစ်လို့ တော်လှန်ရေးကို သွယ်ဝိုက် ပံ့ပိုး ပေးနေသလား လို့တောင် ထင်မှတ်စရာပါပဲ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *