ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့တွင် ၂ နှစ်ကြာ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်များ ယခုနှစ် ဒီဇင်ဘာတွင် မြို့ကို စွန့်ခွာပြီးနောက် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

မြို့တော် လွိုင်ကော်တွင် ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့တောင်ဘက် ကပ်လျက် ဒီးမော့ဆိုမြို့ကိုလည်း တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်သည်။

ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဝံပုလွေစစ်ကြောင်း တပ်ဖွဲ့ဝင်များ၏ အဆိုအရ နှစ်ပတ်ကြာမြင့်သည့် တိုက်ပွဲအတွင်း ဒီးမော့ဆိုမြို့ပေါ်ရှိ စစ်ကောင်စီစခန်းတချို့ ချေမှုန်းခံရသလို အချို့စခန်းများမှ စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် ခလရ ၁၀၂ နှင့် ခမရ ၄၂၇ တို့တွင် ရှိနေသေးကြောင်း အထက်ပါ ရဲဘော်များက ဆိုသည်။

၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဒီးမော့ဆို မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားပြီးကတည်းက ရဲစခန်း၊ အစိုးရအဆောက်အအုံများသာမက ခိုင်ခံ့သည့် လူနေအိမ်များ၊ အထပ်မြင့် အဆောက်အအုံများတွင် အခိုင်အမာတပ်စွဲထားခြင်းဖြစ်သည်။

ယခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှစ၍ ယနေ့အထိ လွိုင်ကော်မြို့ကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်နွှဲနေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားနေပြီဖြစ်ကာ မြို့ဧရိယာ ထက်ဝက်ကျော်ကို လက်လွှတ်ခဲ့ရသည်။

ပုံစာ – ဒီးမော့ဆို မြို့ပေါ်ရှိ တော်လှန်ရေးအင်အားစုများ သိမ်းဆည်းထားသော စစ်ကောင်စီတပ်စခန်းများကို ဝံပုလွေစစ်ကြောင်း ရဲဘော်များက ယမန်နေ့က လိုက်လံပြသနေစဉ်။ ဓာတ်ပုံ-အက်စတာဂျေ/Myanmar Now

Leave a Comment