စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ် မော်လမြိုင်မြို့ပေါ်ရှိ လျှို့ဝှက်အိမ်တွင်သာ ညအိပ်ဟုဆို

ဒရုန်းဖြင့် ဗုံးကြဲခံရပြီးနောက် စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်အချို့သည် မော်လမြိုင်မြို့ ပေါ်ရှိ လျှို့ဝှက်အိမ်များတွင်သာ ညအိပ်ကြတော့ကြောင်းသိသည်။

ဒီဇင်ဘာ ၁ ရက်၊ ည ၉ နာရီခွဲခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နှင့်စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့အိမ်ရာအပါအဝင် နေရာ ၄ ခုကို တော်လှန်ရေးအင်အား စုက ဒရုန်းဖြင့် ဗုံးကြဲခဲ့ပြီးနောက် အစိုးရအဖွဲ့အိမ်ရာ၌ ညမအိပ်တော့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အားလုံးတော့မဟုတ်ဘူး။ မွန်ဝန်ကြီးချုပ်နဲ့ဝန်ကြီးတချို့ပေါ့။ မွန်ဝန်ကြီးချုပ်ဆို သူတို့ကြံ့ဖွတ်(ပြည် ခိုင် ဖြိုး)ပါတီက အမာခံတွေရဲ့ အိမ်မှာညအိပ်တယ်လို့ သိရတယ်။ အခု ပုံမှန်နေတဲ့ အိမ်ရာဝန်းမှာက ဟန်ပြပဲနေတာ။ ညသွားအိပ်တဲ့အိမ်နေရာတော့ မသိဘူး”ဟု ၎င်း ကပြောသည်။

ဒီဇင်ဘာ၁ရက်နေ့က မော်လမြိုင်မြို့၊ငန်းတေးရပ်ကွက်ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်ရာကို ဒရုန်းဖြင့် ဗုံး ကြဲခဲ့ရာ အိမ်ရာအနီးရှိ ဂေါက်ကွင်းသို့ ဗုံးကျရောက်ခဲ့ကြောင်း သိရသည်။

“ဗုံးကျတဲ့ ဂေါက်ကွင်းနေရာနဲ့ အိမ်ရာနဲ့က သိပ်မဝေးတော့ ကြောက်မယ်ဆိုလည်း ကြောက်လောက် တယ်။ပြီးတော့ ညဘက် ချတာဆိုတော့ ပိုကြောက်တာပေါ့” ဟု ၎င်းကပြောသည်။

စစ်ကောင်စီခန့်မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာသားဖြစ်ပြီး ကွမ်ရိုက်ရွာ၌ ၎င်းပိုင်ဆိုင်သည့် အိမ်တစ်လုံးရှိကြောင်း သိရသည်။

“ကွမ်ရိုက်မှာ ပြန်မအိပ်တာတော့ သေချာတယ်။ဘာလို့လဲဆိုတော့ ကျနော်တို့တောရွာတွေက လာအိပ်ရင် လိမ်လို့မရဘူး။အလွယ်တကူသိတယ်။ လာအိပ်ရင် အိပ်မှန်းသိကြလို့ လာမအိပ်တာနေ မှာ”ဟု ကွမ်ရိုက်ရွာအနီးနေ ဒေသခံတစ်ဦးကပြောသည်။

အောင်ကြည်သိန်းသည် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး မော်လမြိုင်မြို့တွင် ၎င်းပိုင်ဆိုင်သည့် အိမ်မရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *