ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။
အဲ့ဒီနမ့်ခိုင်စစ်တပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့များက ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက် ၁၀ နာရီ ၁၅ မိနစ်မှာ အပြီးသတ် ဝင်ရောက် စီးနင်း သိမ်းပိုက်ရရှိနိုင်ကြောင်း သိရပါတယ်။
“နမ့်ခိုင်ကိုသိမ်းလိုက်ပြီ။ ဒီမနက်ပဲ ရှင်းရှင်းလင်းလင်းဖြစ်သွားပြီပေါ့။ အစပိုင်းတော့ အမြည်းကျွေးပေါ့ နည်းနည်းပါးပါးတိုက်ခိုက်ရင်း ဒီမနက်တော့အင်အားနဲ့ ဝင်တိုက်သိမ်းလိုက်တာပေါ့။”လို့ ဒေသခံရှေ့တန်းရင်းမြစ်အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။
နမ့်ခိုင်စစ်တပ်စခန်းကို ဒီဇင်ဘာ ၁၈ ရက်နေ့ညကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က စတင်တိုက်ခိုက်ခဲ့ရာကနေ မနေ့ညနေပိုင်းကစပြီး အင်အားနဲ့ ပြန်ဝင်တိုက်ခဲ့ရာ ဒီနေ့မနက်မှာတော့ အပြီးသတ် သိမ်းယူခဲ့ကြောင်း သူကဆက်ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးသွားတာသလို နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
နမ့်ခိုင်စစ်တပ်စခန်းဟာ အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းတစ်ခုဖြစ်သလို နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ကြား နမ့်ခိုင်တံတားမှာ ဂိတ်ချပြီး ၁၀ စုနှစ်ကျော်ကြာ တပ်ချနေထိုင်နေတဲ့ စခန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။
“နမ့်ခိုင်က နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ကြားက အဓိကတံတားကြီးဖြစ်တယ်။ တခြားလမ်းသွားဖို့မရှိဘူး။ အဲ့ဒီနမ့်ခိုင်တံတားလမ်းကပဲ ဖြတ်ရတယ်။ မူဆယ်– ကွက်ခိုင်ဖြတ်ဖို့ ဒီလမ်းကအရေးပါတယ်။ ဒီစခန်းကို အရင်တုန်းက ဘယ်လောက်တိုက်ခိုက်တိုက်ခိုက် ဒီလိုထိထိရောက်ရောက်တိုင်ခိုင်နိုင်တာမရှိဘူး။ ဒီစခန်းကို တိုက်ခက်မယ်လို့ အားလုံးက ထင်ထားတာ။ ဒီတစ်ခေါက်တော့ အလွယ်တကူနဲ့ ဝင်သိမ်းခဲ့တာပေါ့။ ဒီနမ့်ခိုင်တပ်စခန်းထဲ ဂူတွေ၊ ကျင်းတွေ အခိုင်အမာတည်ဆောက်ထားတာရှိတယ်လေ။” ဟု နမ့်ဖတ်ကာဒေသခံကပြောပါတယ်။
နမ့်ခိုင်တံတားက စစ်တပ်စခန်းဟာ နမ့်ဖတ်ကာကနေ ၉ မိုင်ခန့် အကွာမှာတည်ရှိပြီး စစ်တပ်အင်အား ပုံမှန် ရာဂဏန်းနဲ့ လမ်းသွားလမ်းလာပြည်သူတွေကို ပုံမှန်စစ်ဆေးပြီး ငွေကြေးကောက်ခံတာတွေ၊ လူငယ်တွေကို ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။
နမ့်ခိုင်စစ်တပ်စခန်းသိမ်းတိုက်ပွဲဟာ မူဆယ်–ကွတ်ခိုင်ကြား စစ်ကောင်စီတပ်စခန်းကို KIA ဘက်က ပထမဆုံး စခန်းသိမ်းတိုက်ပွဲစတင်ဆင်နွှဲတာလည်း ဖြစ်ပါတယ်။
ကွတ်ခိုင်ရှိ နမ့်ခိုင်တံတား စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊လက်နက်ခဲယမ်းများစွာရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတား စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဒီဇင်ဘာ ၂၀ရက် နံနက် ၆နာရီတွင် KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း ၎င်းက ပြောသည်။
“ထွက်ပြေးသွားတဲ့ စကစတပ်တွေကို ညနေ ၃နာရီအထိ လိုက်လံရှင်းလင်းခဲ့တယ်။ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံး အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
နမ့်ခိုင်စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက် အသွယ်မရသေးပေ။
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းသည် ဒီဇင်ဘာ ၁၉ရက်တွင် စခန်းမှ အပြီးတိုင်စွန့်ခွာသွားသည်ဟု KNG သတင်းဌာနက ဖော်ပြသည်။
ယင်းစခန်းရုတ်သိမ်းသွားသည့်ဖြစ်စဉ်မှာလည်း အတည်ပြု၍ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့်လအတွင်းကလည်း ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ စစ်ကောင်စီတပ်စခန်း ၄ခု သည်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စခန်းကို စွန့်ခွာသွားကြသည့် ဖြစ်စဉ်ရှိခဲ့သည်။
KIAသည် အောက်တိုဘာလမှစ၍ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။
Leave a Reply