နမ့်ဆန်တိုက်ပွဲတွင် ထွက်ပြေးခဲ့သည့် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းနှင့်အဖွဲ့ကို ဖမ်းဆီးရရှိ

စစ်ကောင်စီတပ်နှင့် အဆက်အသွယ်ပြတ်နေသည့် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူးနှင့်အဖွဲ့ကို TNLA မှ ဖမ်းဆီးရမိထားသည်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်ပြီး နမ့်ဆန်မြို့ကို မဟာမိတ်အဖွဲ့မှ ပိတ်ဆို့တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် စစ်ကူ လာရောက်ချပေးခဲ့သည့် အမှတ် ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းနှင့်အဖွဲ့သည် ဗျူဟာစခန်းကုန်း ကို စွန့်ခွာထွက်ပြေးသွားသောကြောင့် စစ်ကောင်စီနှင့် အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။

အဆိုပါ ထွက်ပြေးသွားသည့် တပ်မမှူးဗိုလ်မှူးချုပ်မင်းမင်းထွန်းတို့အဖွဲ့ကို TNLA က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရှမ်းမြောက်ရှိစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဖမ်းဆီးခံထားရသည့် ဗျူဟာမှူးနှင့်ပတ်သက်ပြီး တပ်တွင်းနီးစပ်သူများ၏ ပြောပြချက်အရ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ကြည်း ၃၀၄၀၈ ဗိုလ်မှူးချုပ် မင်းမင်းထွန်း သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၀ ဆင်းဖြစ်ပြီး တပ်ပျက်၍ စခန်းစွန့်ခွါထွက်ပြေးသွားခြင်းဖြစ်‌သည်ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီး စပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

“အဲဒီခွင်တွေက မြေလျှိုးမိုးပျံတတ်တဲ့သူမှပဲ ပြေးလို့လွတ်မယ်။ ပြေးလည်း မကြာဘူးမိတာပဲ ပြန်ပြီးတော့။ ရောက်ဖူးတဲ့သူတိုင်းသိတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

စခန်းကုန်းတိုက်ခိုက်ခံရချိန်တွင် တပ်မ ၁၀၁ ၏လက် အောက်ခံတပ်ဖြစ်သည့် ခလရ ၂၅၈ မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး ငြိမ်းချမ်းသေဆုံးသွားသည့်အတွက် တပ်မမှူးနှင့်အဖွဲ့က ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

TNLA နှင့်ပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နမ့်ဆန်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း ကိုသိမ်းပိုက်ပြီးနောက် ဗျူဟာကုန်းကိုကွပ်ကဲရန် ရဟတ်ယာဉ်ဖြင့် ရောက်ရှိနေသည့် ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ထွန်းစိုးသိန်း၊ ရဲမှူးနေ၀င်းထွန်း၊ မြို့စောင့်တပ် ခလရ ၂၅၄ မှ ဗိုလ်မှူး ကျော်သူထွေး၊ ဗျူဟာမှူး၊ ဌာနဆိုင်ရာညွှန်ကြား‌ရေးမှူးတို့ အဆက်အသွယ်ပြတ်သွားသည်ဟု တပ်တွင်းရင်းမြစ်အချင်းချင်း ဆက်သွယ်ပြောဆိုမှုများအပြီး ယခုကဲ့သို့ တပ်မမှူးနှင့်အဖွဲ့ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာအဖွဲ့များက စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပုံစာ-နမ့်ဆမ်တိုက်ပွဲတွင် သေဆုံးသွားသည့် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး ငြိမ်းချမ်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *