ပဲခူးတိုင်းတွင် နယ်ထိန်းလေးဦးအပါအဝင် ရဲ ၁၀ ဦး နယ်မြေပြောင်းရွှေ့ခံရ၍ ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းမှ စစ်ကောင်စီ​၏ နယ်ထိန်းလေးဦးအပါအဝင် ရဲ တပ်ဖွဲ့ဝင် ၁၀ဦး နယ်မြေပြောင်းရွှေ့ခံရ၍ ထွက်ပြေးသွားကြောင်း ၎င်း ရဲဝန်ထမ်းများနှင့် နီးစပ်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီ၏ ပြောင်းရွှေ့အမိန့်ကြောင့် ထွက်ပြေးသွားသူများတွင် မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းရဲ ဇော်မျိုးထွန်း(ခ)ကြက်တူရွေး၊ ကျွှဲတဲကုန်းနယ်ထိန်းရဲ ဝင်းသူ၊ သရက်တပင် နယ်ထိန်းရဲ ထွန်းလင်းအောင်နှင့် အခြားနယ်ထိန်းတစ်ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၁၀ဦးကို သာယာဝတီခရိုင်အတွင်းရှိ မင်းလှအပါအဝင် တာဝန်ကျရာမြို့နယ်များမှ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့နယ်သို့ ပြောင်းရွှေ့တာဝန်ချစဥ် ဒီဇင်ဘာ ၁၅ ရက်က ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“မင်းလှက လေးယောက်၊ ပဲခူးအနောက်ခြမ်း ကျန်မြို့နယ်တွေက ရဲခြောက်ယောက်ပါ။ ၁၀ ယောက်မှာ တစ်ယောက်ပြန်အဖမ်းခံရတယ်”ဟု စစ်ကောင်စီလက်အောက်မှ ထွက်ပြေးသွားသည့် နယ်ထိန်းရဲတစ်ဦးနှင့် နီးစပ်သူတစ်ဦးက People’s Spring သို့ ပြောသည်။

ထွက်ပြေးသွားသူများအနက် နယ်ထိန်းရဲလေးဦးမှာ လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဟု စုံစမ်းသိရသော်လည်း ကျန်ရဲခြောက်ဦး၏အခြေအနေကို မသိရသေးပေ။

လွတ်မြောက်နယ်မြေရောက်ရှိသွားသော နယ်ထိန်းရဲများအနက် မင်းလှမြို့မရဲစခန်းမှ နယ်ထိန်းရဲ ဇော်မျိုးထွန်း(ခ)ကြက်တူရွေးမှာ မိသားစုလိုက် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း People’s Spring ၏သတင်းရင်းမြစ်က ပြောသည်။

“ဇော်မျိုးထွန်း(ခ) ကြက်တူရွေးက မိသားစုပါအပါခေါ်သွားတာ”ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း ပဲခူးတိုင်းအနောက်ခြမ်းမှ ရဲ၁၀ဦးခန့်ကို စစ်ကောင်စီက ပဲခူးတိုင်းအရှေ့ခြမ်း မုန်းဒေသသို့ ပို့ဆောင်ခဲ့ရာ KNLA၊ PDF ပူးပေါင်းတပ်များ၏ မုန်းမြို့သိမ်းတိုက်ပွဲအတွင်း အားလုံးနည်းပါးသေဆုံးခဲ့​သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂အတွင်းကလည်း စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့ခံရသော ပဲခူးတိုင်းမှ ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့် တိုက်ပွဲများအတွင်း သေဆုံးခဲ့ဖူးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *