မူတြော်ခရိုင်မြောက်ပိုင်းတစ်ခွင်လုံးကို ထိန်းချုပ်နိုင်ပြီဟု KNU ပြော

ကေအန်ယူအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၅ မူ‌တြော်ခရိုင်မြောက်ပိုင်းရှိ သံလွင်မြစ်ကမ်းဘေးတွင် နှစ်(၃၀)ကျော်ကြာ တပ်စွဲထားသည့် စစ်ကောင်စီ၏ မိုလိုကျိုးစခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ က စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ မိုလိုကျိုးတပ်စခန်းကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကာ စခန်းသိမ်းပိုက်နိုင်ပြီး‌နောက် မူတြော်ခရိုင်မြောက်ပိုင်းတစ်ခွင်လုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း KNU ကပြောသည်။

“မူ‌တြော်ခရိုင်ရဲ့ မြောက်ပိုင်းတခွင်လုံးကို ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရပါပြီ။ အထူးသဖြင့် သံလွင်မြစ်ကြော တစ်လျောက်လုံးမှာ အရှေ့ဘက်ကမ်းဆို ထိုင်းနိုင်ငံဘက် အနောက်ဘက်ကမ်းဆို ကရင်နယ်မြေပဲလေ။ မနေ့တနေ့ကကျသွားတဲ့ စခန်းကနေ ‌တစ်ဆင့်ချင်း စခန်းတခုဆင်းလာလို့ရှိရင် စောထာရှိမယ်။ နောက်ဆုံး သောလထလို့ခေါ်တယ့် မဲစလတ်ပေါ့နော် ထိုင်းနိုင်ငံထိ အဲ့ဒီတကြောလုံး ကျွန်တော်တို့ထိန်းချုပ်လို့ရပါပြီ။ စစ်ကောင်စီ ရန်သူစခန်းတွေလုံး၀မရှိတော့ဘူးလို့ပြောလို့ရပြီ” ဟု ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုလိုကျိုးစခန်းအနီးတွင် သိမူထာ၊ စောထာ စစ်ကောင်စီစခန်းများရှိနေပြီး မိုလိုကျိုးစခန်းကျသွားသည်နှင့်တစ်ပြိုင်နက် စစ်ကောင်စီ အခြေစိုက်စခန်းကြီးတစ်ခုဖြစ်သည့် စောထာစခန်းမှ တပ်သားများက စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး သိမူထာစခန်းကိုမူ KNLA မှ ၂၀၂၁ ခုနှစ်ကတည်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“ဒီဒေသက စစ်ရေးအရအရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံလွင်မြစ်ကြောင်းတလျောက်လုံးကိုအများအားဖြင့် ၁၉၈၈ နောက်ပိုင်းမှာ အထူးသဖြင့် စောထ ဆိုနာမည်အကြီးဆုံးပဲလေ။ စစ်ရေးအရ တခုတည်းသာမက နိုင်ငံတကာဆက်ဆံရေးနဲ့ ပြောရမယ်ဆိုရင်လည်း တကယ့်ကို ကျွန်တော်တို့အနေနဲ့ ထွက်ပေါက်တစ်ခုလို့လည်းပြောလို့ရတယ်။ သံလွင်မြစ်ဟိုဘက်ကမ်းထိုင်းနိုင်ငံနဲ့ သွားလာလို့ရတယ်။ ဘာမှစိုးရိမ်စရာမရှိတဲ့ အနေထားမှာဆိုရင် နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီး၀င်ထွက်သွားလာတဲ့ အပိုင်းမှာကတော့ အနှောက်ယှက်အတားဆီး မရှိတော့ဘူးဆိုတာမျိုး ပြောလို့ရတယ်” ဟု ပဒိုစောတောနီးက ဆက်လက်ပြောကြားသည်။

မူတြော်ခရိုင်မြောက်ဘက်ခြမ်းရှိ သံလွင်မြစ်ကြောတစ်လျှောက်ကို ထိန်းချုပ်ထားနိုင်ခြင်းကြောင့် တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံနှင့်လည်း လွတ်လပ်စွာ ကူးသန်းနိုင်ပြီး အဆိုပါဒေသမှာ နိုင်ငံတကာဆက်ဆံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးအရ သာမက စစ်ရေး၊ နိုင်ငံရေး အတွက်ပါ အရေးပါနေသည့်‌ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

မိုလိုကျိုးစခန်းကို ကရင်နီတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စခန်းသိမ်းနိုင်ခဲ့သည့်အပေါ်တွင်လည်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ကရင်နီတပ်ဖွဲ့တွေရဲ့ပူပေါင်းဆောင်ရွက်မှု အခြေအနေတွေက အစဉ်အလာအရ ရှိထားပြီးသားပါ။ မြောက်ပိုင်းမှာ အထူးသဖြင့် KNU နယ်မြေဆိုတော့ ကျွန်တော်တို့တော်လှန်ရေးအစထဲက ကရင်နဲ့ ကရင်နီက ညီအကိုတွေ ကော်သူးလေတပ်နဲ့ ကရင်နီတပ်ဆိုတာက ဒီလိုပဲ တွဲပြီးတော့ သွားနေကြတယ်။ ပူးပေါင်းစစ်ဆင်ရေး ကော်မတီတွေ‌က ဟိုးအရင်ထဲက အစဉ်အလာအရရှိထားပြီးသား။ ဒါတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်လာတယ့်ကိစ္စမဟုတ်ဘူး အခုဆို ဒီထက်ပိုပြီးတော့ နီးနီးကပ်ကပ်နဲ့တွဲပြီးလုပ်ရမယ့်ကိစ္စတွေပဲဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ဓာတ်ပုံ-ကရင်အမျိုးသားအစည်းအရုံး

ပုံစာ – သိမ်းပိုက်ရရှိထားသည့် ဖဲထာအနီး ပွိုင့်-၉၃၉ မိုလိုကျိုး တပ်စခန်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *