ရွှေပြည်သာမြို့နယ်တွင် Bluetooth box များ မရောင်းရန်နှင့် ဘီယာဆိုင်များ၌ သီချင်းဆိုခြင်းများ မပြုလုပ်ရန် စစ်ကောင်စီ တားမြစ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်း Bluetooth boxများ မရောင်းရန်နှင့် ဘီယာဆိုင်များတွင် သီချင်းတီဆိုခြင်း များ မပြုလုပ်ရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“မနေ့က (ဒီဇင်ဘာ ၁၈ရက်) ဆိုင်ရှေ့မှာ ရဲကားတွေကော၊ စစ်ကားတွေကော ရပ်ပြီး ဆိုင်ထဲကို စစ်သားနှစ်ယောက်နဲ့ ရဲတစ်ယောက်ဝင်လာတာ၊ အရင်ကလည်းဆိုင်မှာ ဖုန်းတွေဘာတွေလာဝယ်တယ်။ ဖုန်းဘေတွေဘာတွေ လာဝယ် နေကြဆိုတော့ ပုံမှန်လိုဘဲ ဈေးလာဝယ်တယ်ထင်တာ၊ နောက်မှ မင်းတို့ဆိုင်မှာ Bluetooth box တွေရောင်းတယ်မလား မရောင်းနဲ့တော့ဆိုပြီး ချက်ချင်းသိမ်းခိုင်းတယ်” ဟု ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်ရှိ ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးက MPA သို့ပြောသည်။

ထို့ပြင် Bluetooth box များကို ခိုးရောင်းခြင်းများ မပြုရန်နှင့် ရောင်းချသည်ကို တွေ့ရှိပါက အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“မနေ့တုန်းက ဘီယာဆိုင်ထိုင်နေတာကို စစ်တပ်က ရောက်လာပြီးတော့ ဘီယာဆိုင်မှာ သီချင်းဆိုခွင့်မပေးထားဘူး။ သီချင်းဆိုလို့ တိုင်တာကြားရင် မင်းတို့အကုန်လုံးကို သေနတ်နဲ့ ပစ်သတ်မယ်ဆိုပြီးတော့ စစ်တပ်က ဆိုင်ထဲကို ဝင်လာပြီးပြောသွားတယ် “ဟု ရွှေပြည်သာကွေ့အနီးရှိ ဘီယာဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ရွှေပြည်သာမြို့အတွင်းရှိ စစ်ကောင်စီတပ်သည် အကြောင်းအရင်းခိုင်လုံစွာပြနိုင်ခြင်းမရှိဘဲ ပစ္စည်းရောင်းချမှုများကို ကန့်သတ်ခြင်း၊ အခွန်ရုံးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံမှု များ ဆိုးရွားစွာပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ရွှေပြည်သာမြို့နယ်၌ Bluetooth box မရောင်းခိုင်းရသည့်အကြောင်းအရင်းသည် ရန်ကုန်မြို့ရှိ တော်လှန်ရေးလူငယ် များက Bluetooth box ကိုအသုံးပြုကာ စစ်ကောင်စီကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင်း ပိတ်ပင်ခြင်းဖြစ်သည် ဟု ရွှေပြည်သာမြို့နယ်၊ ထွေအုပ်ရုံးနှင့် နီးစပ်သူ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top