ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အနီးသို့ စစ်ကောင်စီတပ်အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အနီးကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ညောင်တုန်းမြို့အနီး ဥတိုနှင့်ဝါးကုန်းကျေးရွာအတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉နာရီခန့်က စစ်ကောင်စီတပ်အင်အား ၄၅ ဦးခန့်မှ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲ၍ဒေသခံများကို စည်းရုံးနေကြောင်း ကျေးရွာဒေသခံများထံက သိရသည်။

“ ဝါးကုန်းရွာကဘုန်းကြီးကျောင်းကို စစ်ကားတစ်စီးနဲ့ ၁၅ယောက်လာချသွားတယ်။ ဥတိုရွာကိုလည်းစစ်သားတွေ အယောက်၃၀လောက် ရောက်နေတယ်။ ရွာထဲကဘုန်းကြီးကျောင်းမှာ တပ်စွဲပြီးတော့ ရာအိမ်မှူးတွေကနေတဆင့် တစ်အိမ်ကို ကျပ်၂၀၀၀ နဲ့ စားစရိတ်ပေးမယ်ဆိုပြီး ရွာသားတွေကို အတင်းလူစုခိုင်းနေတယ်” ဟု ဥတိုကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ထို့အပြင် မြို့အနီးရှိ ဉာဏ်အိုင်၊ဟင်္သာကျွန်းနှင့် ရွှေသောင်ယံစသည့် ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင် လာရောက်ကာ ကျေးရွာဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် တပ်စွဲနေကြောင်း ဒေသခံကျေးရွာသားများထံက သိရသည်။

ယင်းကဲ့သို့ ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်များမှာ နယ်ခံတပ်ရင်းများမဟုတ်ဘဲ ပြင်ပတပ်ရင်းများဖြစ်နေကာ ဝင်ရောက်လာသည့် အကြောင်းရင်းကို မသိရသေးကြောင်း နယ်ခံတပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

“ အခုဝင်လာတဲ့ တပ်တွေကအပြင်တပ်ရင်းတွေဖြစ်နေတယ်။ နယ်ခံတပ်ရင်းတွေက တပ်အပြင်ပေးမထွက်ဘူး။ ဘယ်ကတပ်ရင်းတွေနဲ့ ဘာကြောင့်လာတာလဲဆိုတာတော့မသိဘူး ။ ဒါပေမဲ့ ရွာထဲကစာသင်ကျောင်းအနီးတွေနဲ့ တပ်အတွင်းမှာ ကတုတ်ကျင်းတွေတော့ တူးခိုင်းထားတယ် ။ညောင်တုန်းကမြစ်ကြောင်းနဲ့ ကုန်းကြောင်းကပါ PDFတွေဝင်နိုင်တယ်ဆိုပြီးတော့ တပ်လှန့်ပြီး အပြင်တပ်တွေကို ဝင်ခိုင်းတဲ့သဘောပြောလို့ရတယ်” ဟု တာကွေ့ကျေးရွာအခြေစိုက်၉၀၅ အင်ဂျင်နီယာတပ်ရင်း ၏တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ပထမအပတ်ကလည်း မြို့အနီးကျေးရွာများသို့ စစ်ကောင်စီတပ်သားအချို့ လာရောက်တပ်စွဲခဲ့ကာ ကျေးရွာဒေသခံများကို စာသင်ကျောင်းနှင့် ရွာအနီးတဝိုက်တွင် ဗုံးခိုကျင်းနှင့် ခံတပ်ကတုပ်ကျင်းများ တူးခိုင်းခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *