PDFတစ်ဦး၏ ဖေ့စ်ဘွတ်ခ်ပို့စ်တွင် မှတ်ချက်ရေးခဲ့သည့် သထုံ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံထားရ

PDFတစ်ဦး၏ ဖေ့စ်ဘွတ်ပို့စ်တွင် မှတ်ချက်ရေးခဲ့သည့် မွန်ပြည်နယ်၊သထုံမြို့နယ်မှ လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်ချောစုစုထွေးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ယနေ့တိုင် မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း သထုံမြို့နယ်ရှိ အမည်မဖော်လိုသူ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

“အခုလ ၁၆ရက်နေ့က ဒေါ်ချောစုစုထွေးအဖမ်းခံရတာပါ။တော်လှန်ရေးမဖြစ်ခင်က သူနဲ့သိတဲ့သူကို ဖေ့စ်ဘွတ်ခ်မှာ ဆုတောင်းပေးလိုက်လို့ စစ်တပ်က ဖမ်းတာ။အခုထိ ဘာသတင်းမှ မကြားရသေးဘူး”ဟု ၎င်းက ပြောသည်။

ဒေါ်ချောစုစုထွေးကို စစ်ကောင်စီတပ်က ၎င်းနေထိုင်ရာ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်ရှိ နေအိမ်သို့ ဒီဇင်ဘာလ ၁၆ရက်နေ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အိမ်ကိုဝင်ဖမ်းသွားတာပါ။စကားပြောစရာရှိလို့ စခန်းခဏဆိုပြီးခေါ်သွားတာ။အခုဆို ၄ရက်ကျော်ပြီ။ မိသားစုနဲ့လည်းပေးမတွေ့ဘူး။မိသားစုကတော့ စခန်းကို ဆက်သွယ်ထားတယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်ချောစုစုထွေးမှာ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူဖြစ်ကြောင်း ဒေသခံအချို့က ပြောကြသော်လည်း MPAအနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။

“သူက စောစုစုထွေးဆိုတဲ့နာမည်နဲ့ ဖေ့စ်ဘွတ်ခ်ဖွင့်ထားတာပေါ့။ပြီးတော့ သူ့အကောင့်မှာ ပြည်ခိုင်ဖြိုးကို မဲပေးဖို့ဆိုတဲ့ ဘောင်နဲ့ လိုင်းပေါ်မှာ ပရိုဖိုင်းချိန်းထားတာ။သူ ကွန်မန့်မန့်တာကို သူ့အကောင့်ထဲက စစ်တပ်ထောက်ခံသူတွေမြင်ပြီး ထောက်ပို့လုပ်နေပါတယ်ဆိုပြီးတိုင်တာ။တကယ်တော့ မစုကလည်း သူ့အသိမို့ ကွန်မန့်ဝင်ရေးလိုက်တာ။အခုထိတော့ ပြန်မလွှတ်သေးဘူး”ဟု ၎င်းက ပြောသည်။

ဒေါ်ချောစုစုထွေးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသလဲဆိုသည်ကို မိသားစုဝင်များလည်း မသိသေး ကြောင်းစုံစမ်းသိရသည်။

Photo – စောစုစုထွေး ရှင်သန်ခြင်းတွဲလက်လှုမှုကူညီရေးအသင်း Facebook Acc။ / ပုံစာ – ဖမ်းဆီးခံထားရသည့် ဒေါ်ချောစုစုထွေး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *