အရာတော်မှာ တိုက်ပွဲဖြစ်၊ စစ်အုပ်စု (၁၀)ယောက်လောက် သေလို့ လေကြောင်းပစ်ကူ၊

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မြောက်ပိုင်း ရွာစဉ်ပတ်မွှေ လုယက် အကြမ်းဖက်တဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေး တပ်တွေက ဒီမနက်ပိုင်း မကျီးကန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု (၁၀)ယောက်လောက် ထိခိုက်သေဆုံးတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

အရာတော်နယ် နောင်ကြီးအိုင် ရဲစခန်းကို ရိက္ခာပို့ပြီး အပြန် အရာတော် – နောင်ကြီးအိုင် လမ်းတလျှောက် ရွာစဉ်ပတ်မွှေ လုယက် အကြမ်းဖက်နေတဲ့ အင်အား(၆၀)၀န်းကျင်ပါ စစ်အုပ်စုကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“နောင်ကြီးအိုင်က ထောက်ပို့ ပြတ်နေတာ ကြာပြီဗျ၊ အဲ့ဒီကို ထောက်ပို့လုပ်ပြီး ပြန်လာတဲ့ စစ်ကြောင်းကို စောင့်တိုက်တာ (၁၀)ကောင်လောက် ကျတယ်၊ သူတို့ အကျများတော့ လေကြောင်း ပစ်ကူလာတယ်”လို့ မြေပြင်မှာရှိတဲ့ ကာကွယ်ရေး အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုနဲ့ ကွယ်ရေးတပ်ဖွဲ့တွေ မကျီးကန်ရွာအနီးမှာ တစ်နာရီခွဲ၀န်းကျင်ကြာ တိုက်ပွဲ ဖြစ်ပြီး စစ်အုပ်စု အထိနာ အသေများတာကြောင့် အနောက်မြောက်တိုင် စစ်ဌာနချုပ် – နမခ (မုံရွာ)ကနေ လေကြောင်း ပစ်ကူ နှစ်ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ရာ နေရာတွေနဲ့ ကျေးရွာတွေကို ဗုံးကြဲပစ်ခတ်တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်စဉ်မှာရော လေကြောင်းပစ်ခတ်မှုမှာပါ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိဘူးလို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

“ညနေ (၄)နာရီလောက် ဖြစ်မယ်ဗျ၊ လေကြောင်းပစ်ကူ နှစ်ခါ လုပ်တယ်၊ ပြည်သူရော၊ ရဲဘော်တွေပါ အထိအခိုက် မရှိပါဘူး” လို့ ကာကွယ်ရေး အဖွဲ့၀င်က ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် နောင်ကြီးအိုင်၊ ဆည်ကြီး၊ ဝက်ပြစ်၊ ကုန်းသာ၊ ပါရမီ၊ ကြာပင်လှ၊ မကျီးကန် စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ ကျုးလွန်နေတယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *