စစ်အာဏာရှင် ပြုတ်ကျရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေး “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် လက်တွဲ ဆောင်ရွက်လိုဟု NUG က သဝဏ်လွှာပေးပို့

စစ်အာဏာရှင် ပြုတ်ကျရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေး “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) နှင့် လက်တွဲညီညီ အလုပ် လုပ် လိုကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ က သဝဏ်လွှာပေးပို့ လိုက်ပါတယ်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) တည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနား သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ရာမှာ NUG နဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ ရဲ့ နိုင်ငံရေးရပ်တည်ချက်များကို လေးစားအသိမှတ်ပြုပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မနေ့က ကျရောက်တဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၅)နှစ် ပြည့် အခမ်းအနား ကို UWSP ရဲ့ ဌာနချုပ် ပန်ဆန်းမြို့ မှာ ကျင်းပခဲ့ကြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ သ၀ဏ်လွှာထဲမှာ‌ “ဝ” စာပေ၊ ယဥ်ကျေးမှု၊ အနုပညာနဲ့ ရိုးရာဓလေ့ထုံးတမ်းစဥ်လာများကို ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်ပြီး ဒေသတွင်းရှိ လူမျိုးစုများကိုလည်း ကူညီစောင့်ရှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်ကြောင့် မြန်မာတနိုင်ငံလုံး နှလုံးစိတ်ဝမ်း မအေးချမ်းသော ကာလဖြစ် တယ်ဆိုတာနဲ့ တနိုင်ငံလုံးကို ဘေးဒုက္ခကြီးမားစွာဖြစ်စေပြီး ဖွံ့ဖြိုးမှုနောက်ကျစေတဲ့ စစ်အာဏာရှင် စနစ်ပြုတ်ကျစေရေးအတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ပေါ်၊ မြေပြန့် နိုင်ငံသားများ အားလုံး လက်တွဲ ညီညွတ်စွာဖြင့် ခုခံတိုက်ပွဲဝင်နေသော ကာလဖြစ်ကြောင်း လည်းNUG ရဲ့ သ၀ဏ်လွှာမှာဖော်ပြပါရှိပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဝပြည်သွေး စည်းညီညွတ်ရေးပါတီ၏ နိုင်ငံရေး ရပ်တည်ချက်များကို လေးစားအသိမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း ဖော်ပြရင်း ဤ သဝဏ်လွှာကို သွေးသောက် ညီရင်းအကို၊ မောင်ရင်းနှမ သစ္စာစိတ်ဖြင့် ပေးပို့အပ်ပါသည်။ ” လို့ ‌NUG ရဲ့ သဝဏ်လွှာမှာ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

ဓာတ်ပုံ- မနေ့က ကျင်းပတဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ ၃၅ နှစ်ပြည့် အခမ်းအနား။


Comments

Leave a Reply

Your email address will not be published. Required fields are marked *