တိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် (၁၀၇) မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force—NMD တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုသည်။

စစ်ကောင်စီတပ်က ခံတပ်အခိုင်အမာပြုလုပ်ပြီး အလုံခြုံဆုံးဟု ယူဆထားသော မန္တလေးနန်းတွင်းကို ယနေ့ နံနက် ၂ နာရီခွဲအချိန်တွင် ရှော့တိုက်ဒုံးခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဓိကကတော့၊ သူတို့အလုံခြုံဆုံးလို့ ယူဆတဲ့ နေရာကို၊ စစ်ရေးအရ ခြိမ်းခြောက်တဲ့သဘော၊ သူတို့လုံခြုံပါတယ်ဆိုတဲ့နေရာ စိတ်ဖြောင့်ဖြောင့်၊ စိတ်အေအေး မနေရဘူးဆိုတာကို သိစေချင်လို့ပါ” ဟု NMD အဖွဲ့တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

အဆိုပါတိုက်ခိုက်မှုကို၊ Brave Warriors For Myanmar(BWM)၊ မြို့ပြအထူးစစ်ဆင်ရေး (U.S.O)နှင့် No More Dictatorship People Defence Force—NMD ၊ Security & Special Task Force (SSTF-MDY) ၊ ပြင်ဦးလွင်ခရိုင်ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NMD တပ်ဖွဲ့အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး မန္တလေးမြို့သိမ်း တိုက်ပွဲများ ဆင်နွှဲရန် အခရာကျသော ဗျူဟာမြောက် တိုက်ခိုက်မှုများကိုလည်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း မန္တလေးနန်းတွင်းရှိ စစ်ကောင်စီတပ် တိုင်းမှူး၊ ဒုတိုင်းမှူး အဆောင်၊ နန်းတွင်းအမှတ် (၁၆၁) တပ်ထိန်းတပ်ခွဲ၊ ရတနာပုံခန်းမ၊ မန္တလေးဗဟိုအကျဥ်းထောင်(အိုးဘိုထောင်)ဗဟိုကင်းနှင့် အောင်မြေသာစံမြို့နယ်အတွင်းရှိ အမှတ်(၄)၊ အမှတ်(၆)၊ အမှတ်(၉) ရဲစခန်းတို့ တိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေပြည်စိုးစစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် မန္တလေးခရိုင် တပ်ရင်း (၃)၊ (၄)၊ (၅)၊ (၆) နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-6 Drop For Justic တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း တိတိကျကျ မသိရသေးကြောင်း ရွှေပြည်စိုးစစ်ဆင်ရေးတာဝန်ရှိသူများက ပြောသည်။

တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ယနေ့နံနက်ပိုင်းမှစ၍ စစ်ကောင်စီက မန္တလေးမြို့ကို ၎င်း၏လက်နက်ကိုင်အစောင့်စစ်သားများဖြင့် လုံခြုံရေး ပိုမိုချထားလိုက်ပြီး နန်းတွင်းအဝင်အထွက်ကိုလည်း အစစ်အဆေးတင်းကျပ်နေသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။

ထို့ပြင် မန္တလေးမြို့မြောက်ဘက် ငါးမိုင်ခန့်အကွာက မတ္တရာမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလဆန်းပိုင်းကတည်းက တိုက်ပွဲများ ပြင်းထန်နေသည်။

သတင်းထုတ်ပြန်ကြေညာချက်

မန္တလေးနန်းတွင်းရှိစစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁၀၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်ခြင်း

ရက်စွဲ။ ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁

၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး (U.S.O) အောက်ရှိ မဟာမိတ်အဖွဲ့များဖြစ်ကြသော Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင်ပကဖ နှင့် No More Dictatorship NMD-PDF အဖွဲ့တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်၊ နံနက်၂း၃၀ အချိန်တွင် မန္တလေးနန်းတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အထူးရုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်ရာအဆောင်၊ လပခ တိုင်းမှူးနှင့် ဒု-တိုင်းမှူးအဆောင်တို့အား ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်တိုက်ခိုက် ခဲ့ပါသည်။

၂။ ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံး ၆ လုံးထဲမှ ပစ္စည်းချို့ယွင်းမှုကြောင့် ပေါက်ကွဲမှုမဖြစ်ခဲ့သော ၁ လုံးမှလွဲ၍ ကျန် ၅ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါသည်။

၃။ တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါသည်


Comments

Leave a Reply

Your email address will not be published. Required fields are marked *