ပခုက္ကူ၊ တောင်ငူနှင့် မင်းတုန်း မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တွင်းမပျူစောထီးရွာမှ ထွက်လာသည့် အင်အား ၈၀ ကျော်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ​်ကြောင်းသည် ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ကျေးရွာ အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက အီနာဂါ ဗုံးသီး ၁၈ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ယင်းခြေလျင် စစ်ကြောင်းကို နံနက် ၈ နာရီ မှ ညနေ ၅ နာရီ ကျော်အထိ တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ ထိခိုက် ဒဏ်ရာရရှိမှု များနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ DMG ဓါးမင်းကြီးအဖွဲ့ ၊ Black Cobra နှင့် Pku Thurain အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ရင်းအမှတ် ၃၅၀၁ မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က အင်အား ၁၃၀ ဝန်းကျင်ဖြင့် ကညင်မြောင်ကျေးရွာအုပ်စု သရက်ပင် ကုန်းကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၅၀၁ ၊ တပ်ခွဲ ၁ ရဲဘော်များမှ ပြောက်ကျား စနစ်ဖြင့်လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးထက်နည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၁၈ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းတစ်ခု ပဲခူးရိုးမထဲ ဆက်ထိုးနေတာမို့ တပ်ခွဲမှူးဦးဆောင်တဲ့ အဖွဲ့ငယ်တစ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ လိုက်လံ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ် သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိတယ်၊ စစ်ကောင်စီတပ်ဖွဲ့တွေက ဒရုန်း ဗုံးသီး၊ လက်နက်ကြီးတွေ နဲ့ ပြန်လည် ပစ်ခတ်တာတွေရှိပေမယ့် ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး၊ လက်ရှိတော့ ပြန်ဆုတ်သွားပြီ” ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် ၃၅၀၁ မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

အလားတူ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုဝအုပ်စု၊ ကာမနိုင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၅၁ မိနစ်က မင်းတုန်းမြို့နယ်၊ ၅ မိုင်ဂိတ်မှ ကြို၀အုပ်စု ကာမနိုင် ရွာအနီးသို အင်အား ၃၀ ခန့်ပါ Faw ကား ၂ စီးဖြင့် တက်လာသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင် ၆ မျက်မြင်သေဆုံးကာ၊ အရာရှိ ၁ ဦးအပါအဝင် ၂၀ ဦးခန့် အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *