မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေးမြို့ပေါ်ရှိ အမှတ် ၄ ရဲစခန်း၊ အမှတ် ၆ ရဲစခန်း၊ အမှတ် ၉ ရဲစခန်း၊ အိုးဘိုထောင်နှင့် မန္တလေးနန်းမြို့တွင်းမှ တိုင်းမှုးအဆောင်၊ ဒုတိုင်းမှုးအဆောင်၊ အမှတ် ၁၆၁ တပ်ထိန်းဌာနခွဲအပါအဝင် စစ်ခေါင်းဆောင်မိသားစု ပိုင်ဆိုင်သော ရတနာပုံခန်းမတို့ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းတွင် တပြိုင်နက် တိုက်ခိုက်ခံခဲ့ရကြောင်း မန္တလေးမြို့ခံများနှင့် တော်လှန်ရေး အဖွဲ့များထံက သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြို့ပြအထူးစစ်ဆင်ရေး (U.S.O)၊ ရွှေပြည်စိုး စစ်ဆင်ရေးများအဖြစ် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ တာဝေးပစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြခြင်းဟု သိရသည်။

Drop For Justice မှ တာဝန်ရှိသူတဦးက “အားလုံးကို တပြိုင်နက်တည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်၊ ရဲစခန်းတွေနဲ့ အိုးဘိုထောင်ကိုတော့ Drop ဗုံးတွေ ချခဲ့တာပါ၊ နန်းတွင်းကိုတော့ Shar Htoo Waw နည်းပညာ KAMEKAZE အပါအဝင် မောင်းသူမဲ့ လေယာဉ်တွေနဲ့ အသုံးပြု တိုက်ခိုက်ခဲ့တာပါ၊ ကာမီကာဇီဆိုတာက အဆုံးစီရင်တာမျိုးပေါ့၊ အထိအခိုက်တွေ ကိုတော့ အတိအကျ မသိရသေးပါဘူး၊ အိုးဘိုမှာတော့ လူနာတင်ယာဉ် ကား ၂ စီး ထွက်တယ်လို့တော့ သိရပါတယ်”ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများအနက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို မန္တလေးခရိုင် တပ်ရင်း ၃၊ ၄၊ ၅၊ ၆ နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-6 Drop For Justice တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တာဝေးပစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM) ၏ ကူညီပံ့ပိုးမှုဖြင့် No More Dictatorship(NMD-PDF) ၊ Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်။

အမှတ် ၆ နယ်မြေရဲစခန်းအနီးတွင် နေထိုင်သူတဦးက “မနေ့ညက ၆ စခန်းဘက်က အုန်း ဒိုင်းဆိုပြီး အသံ တော်တော် ကျယ်ကျယ် ၂ ချက်ကြားရတယ်၊ အဲဒီလို ပေါက်ကွဲတော့ စခန်းထဲက ရဲတွေ အကုန် အပြင်ကို ထွက်ပြေးကြတယ်၊ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ကြတယ်၊ အသံတွေ ငြိမ်သွားတော့ လူနာတင်ကားတွေ ရောက်လာကြတယ်၊ ဒီနေ့ မနက်ကျတော့ လမ်းပေါ်မှာ အတားအဆီးတွေ ပိုချထားတယ်”ဟု ပြောသည်။

ထို့ပြင် ဒီဇင်ဘာ ၂၁ ရက် နံနက် ၂ နာရီကျော်၌ နန်းမြို့တွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိုင်းမှူးများနေသော အဆောင်များအထိ ပစ်မှတ်ထားကာ တာဝေးပစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BWM က ထုတ်ပြန်သည်။

မန္တလေးနန်းမြို့တွင်းအနီး နေထိုင်သူတဦးက “ ည ၂ နာရီကျော်လောက်က နန်းတွင်းထဲကနေ ပေါက်ကွဲသံတွေ ကြားရတယ်၊ ပေါက်ကွဲသံက ၆ ချက်ဗျ၊ အသံတော်တော် ကျယ်တော့ အိပ်ပျော်နေရာက လန့်နိုးသွားတာ၊ ပေါက်ကွဲသံတွေ ကြားရတာပဲ ရှိတယ်၊ နန်းတွင်းထဲဆိုတော့ အထဲမှာ ဘာတွေ ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိရဘူး၊ ဒီနေ့ မနက်ပိုင်းကျ အရင်ရက်တွေကထက် လမ်းတွေ ပိတ်ပြီး စစ်ဆေးနေတာတွေ လုပ်နေကြတာကို တွေ့ရတယ်”ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အဆောက်အအုံ ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် လူ သေဆုံးထိခိုက်မှု ရှိ၊ မရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။

မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ မြို့ကို ကျနော်တို့ အချိန်မရွေး လုပ်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာမျိုး ဖြစ်ပါတယ်၊ အခု မစ်ရှင်က အသေးအမွှားပဲ ဖြစ်ပါတယ်၊ နောက်ထပ်လည်း ဒီထက် ကြီးကြီးမားမား မစ်ရှင်တွေ လုပ်နိုင်တယ်၊ လုပ်မယ်ဆိုတာကိုလည်း ပြည်သူတွေကို သိစေချင်ပါတယ်”ဟု ပြောသည်။

အဆိုပါဖြစ်စဉ်များအပေါ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် မန္တလေးနန်းတွင်းအပါအဝင် ရဲစခန်းများ တိုက်ခိုက်ခံရမှု မရှိဘဲ စိတ်ကူးယဉ် လုပ်ကြံဖန်တီးထားသော သတင်းတု၊ သတင်းအမှားများသာ ဖြစ်ပြီး နန်းတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်နိုင်ရန်အတွက် ဒရုန်းများကပ်နိုင်ခြင်းမျိုး မရှိဟု ရေးသားထားသည်။

ယခုအခါ ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန် တော်လှန်ရေးအဖွဲ့ များက တိုက်တွန်းထားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းထဲကို ၁၀၇ မမ ရှော့ဒုံး ၆ လုံးနဲ့ပစ်ခတ်

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းထဲကို ဒီဇင်ဘာ ၂၁ ရက် ဒီမနက် အစောပိုင်းက တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ No More Dictatorship People Defence Force – NMD က သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးနန်းတွင်းထဲကို ဒီမနက် ၂ နာရီခွဲလောက်မှာ တာဝေးပစ် ၁၀၇ မမ ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဓိက ကတော့ သူတို့ အလုံခြုံဆုံးနေရာလို့ယူဆရတဲ့ နေရာထင်လို့ စစ်ရေးအရ ခြိမ်းခြောက်တဲ့ သဘောပါ။ သူတို့လုံခြုံပါတယ်ဆိုတဲ့နေရာမှာ စိတ်ဖြောင့်ဖြောင့် စိတ်အေးအေးနေလို့ မရဘူးဆိုတာကို သိစေချင်လို့ ပစ်ခတ်ခဲ့တာပါ “လို့ No More Dictatorship People Defence Force ရဲ့ တာဝန်ခံကိုချာလီက ပြောပါတယ်။

အဲ့ဒီဌာနချုပ်ဟာ စစ်ကောင်စီရဲ့ နောက်ဆုံးအားထားရာ ခံတပ်လည်းဖြစ်တယ်လို့ ယူဆတဲ့အတွက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM)၊ မြို့ပြအထူးစစ်ဆင်ရေး (U.S.O) နဲ့အတူ No More Dictatorship People Defence Force – NMD၊ Security & Special Task Force (SSTF-MDY) ပြင်ဦးလွင်ခရိုင်ပကဖ တို့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

No More Dictatorship People Defence Force နဲ့အဖွဲ့ဟာ မန္တလေးနန်းတွင်းထဲကို အခုတိုက်ခိုက်မှုမတိုင်ခင် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ – နန်းတွင်းထဲကိုပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးအချို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *