နန်းတွင်း လပခ ရှော့ဒုံးတွေနဲ့ပစ်ခံရပြီးနောက် စစ်တပ်က မန္တလေးတမြို့လုံးကို အင်အားသုံးရှာဖွေ

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ နန်းမြို့ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲ အင်အားအများအပြားသုံးကာ မြို့တွင်း/မြို့ပြင်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနေ့ မနက်၂နာရီခွဲလောက်မှာ နန်းတွင်းထဲကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီးနောက် မနက် ၆ နာရီခန့်ကစတင်ကာ မန္တလေးမြို့တွင်းကို ရဲနဲ့စစ်တပ်အင်အား ၂၀၀ ဝန်းကျင်သုံးကာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလုပ်ခဲ့သလို အရပ်ဝတ်တွေနဲ့ ကင်းချတာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

” ကျုံးဘေးပတ်လည်မဲနေတာပဲ ချထားတာ။ မြို့ထဲမှာတော့ ယောကျာ်းလေးတွေကို ဦးစားပေးပြီး ဆိုင်ကယ်တွေ၊ ကားတွေ စစ်ဆေးတာတွေလုပ်တယ် “လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ညနေ ၄ နာရီလောက်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်တွေက မန္တလေး၊ ဂေါဝန်ဆိပ်ကနေတဆင့် မြို့အနောက်ဘက် ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာတွေဖြစ်တဲ့ သံဘိုကျွန်း၊ ဟင်းရွက်စုရွာ၊ စက်ရိပ်တောင်ရွာ၊မြောက်ရွာတွေက ဒေသခံတွေရဲ့နေအိမ်တွေကိုရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့(စကစ) မန္တလေးကိုကျမှာ အရမ်းကြောက်နေတယ်။ မန္တလေးကို တော်လှန်ရေးအဖွဲ့တွေဝင်မှာကြောက်နေတော့ သူတို့ပိတ်နေတဲ့ပုံစံရှိတယ်။ အကုန် လိုက်စစ်နေတဲ့ ပုံစံမျိုးရှိတယ်”လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လပခ ၊နန်းတွင်းကို မန္တလေးမြို့ပြောက်ကျား Brave Warriors for Myanmarအဖွဲ့က ရှော့ဒုံး ၆ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း လပခ တိုင်းမှူး၊ ဒုတိုင်းမှူးနေထိုင်ရာနေရာနဲ့ အမျိုးသမီးစစ်သည်တွေ နေထိုင်ရာအဆောက်အဦတွေမှာ ကျရောက်ပေါက်ကွဲပြီး လူသေဆုံးမှုတွေလည်း ရှိတယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သံဘိုကျွန်းရွာကိုဝင်ရောက်တဲ့ စစ်တပ်စစ်ကြောင်းဟာ မနေ့ညပိုင်းအထိစစ်ဆေးခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ မတ္တရာမြို့နယ်၊ အနောက်ခြမ်းက သုံးဆယ်ပေကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ပေါင်းပြီး သုံးဆယ်ပေကျေးရွာကို မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်တပ်ကမန္တလေးမြို့ရဲ့အနောက်ဘက်က သရက်တပင်ကျေးရွာ၊ဟင်းရွက်စုရွာတို့မှာ အင်အားတွေတိုးပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top