လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ ရှင်းလင်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ မြို့ဝင် အုန်းသီးဆိုင်းဘုတ်အနီး လောင်းလုံးမြို့မှ သဗျာရွာဘက်ကို ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဥ် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တိုး၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ တော်လှန်ရေး ရဲဘော်သံခြေထောက် နှင့် ရဲဘော် ကပ္ပလီ တို့ ကျဆုံးခဲ့ပြီး M-16 သေနတ် ၂ လက် ဆုံးရှုံးကာ ရဲဘော် ၂ ဦးကို အနီးအနားရှိ နေအိမ် အတွင်းထည့်ကာ မီးရှို့အလောင်း ဖျောက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲနေထိုင်သော လောင်းလုံးမြို့ အထက-စာသင်ကျောင်းကို လောင်းလုံး PDF ရဲဘော်များက ဝင်ရောက် စီးနင်းတိုက်ခိုက်ချိန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီး M-16 ကျည် ၅၀ တောင့်၊ ကျည်ဘောက် ၂ ခု၊ ဓား ၁ လက်၊ ယူနီဖောင်းများသိမ်းဆည်း ရမိကာ ယင်း ဂိတ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အလားတူ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စရဖရုံးနှင့် ကင်းပုန်းဝပ်စောင့်ဆိုင်းနေသည့် နေရာများကိုလည်း လောင်းလုံး PDF ရဲဘော်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ ရဲဘော် ၂ ဦးကျဆုံးတယ်။ လောင်းလုံးမြို့ပေါ်မှာ ရှိတဲ့ စစ်ခွေးတပ်စွဲထားတဲ့ နေရာတွေကို ဝင်တိုက်တာ ၆ ကောင်သေတယ်။ အထက ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ပုံမှန်ဆို ၁၅ ကောင်နဲ့ ၂၀ ကောင်ကြားရှိတာ ကျွန်တော်တို့ ဝင်တိုက်တော့ အကုန်ထွက်ပြေးကုန်ကြတယ်။ အဲစစ်ခွေးဂိတ်ကိုတော့ မီးရှို့ ရှင်းလင်းခဲ့တယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *