စစ်ကောင်စီ၏ သံခွန်ရေယာဉ်အား PDFအဖွဲ့များ တိုက်ခိုက်ရာ ၁၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်၏ သံခွန်ရေယာဉ်အား PDFအဖွဲ့များက တိုက်ခိုက်ရာ ၁၆ ဦး သေဆုံးပြီး၊ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း Generation Z Power- Mandalay (GZP)အဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၂၂)တွင် ထုတ်ပြန်ထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးနောက် ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လည် ဆုတ်ခွာ လာသည့် စစ်ကောင်စီတပ်၏ သံခွန်ရေယာဉ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက် ၊ မွန်းလွဲ ၁နာရီတွင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု Generation Z Power-GZP (Mandalay)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဖြစ်တာကတော့ ဒီဇင်ဘာ ၂၀ရက်‌နေ့ကပါ၊ စစ်ကြောင်းက ကျတော်တို့ ရှေ့ကင်းစခန်းကို စတင်ဝင်ရောက်ပြီး မီးရှို့သွားတယ်။ ပြီး‌တော့ ပြည်သူအိမ်တွေကိုပါ မီးရှို့သွားတယ်။ သူတို့ မြစ်ကြောင်းအတိုင်း ပြန်ဆုတ်တဲ့အချိန်မှာ ကျတော်တို့က တိုက်စစ်ဖွင့်တာပါ၊ အတွင်းသတင်းပေးအရဆို ရဲမှူး သူရအောင်လည်း သေဆုံးတဲ့အထဲ ပါပါတယ်၊ ကျနော်တို့ PDF ရဲဘော်တွေဘက်ကတော့ အထိအခိုက်အကျဆုံး မရှိပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၇၀ခန့်ဖြင့် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဒေါင်းကျွန်းကျေးရွာအပါအဝင် ကျေးရွာ (၄)ရွာအား မီးရှို့ဖျက်ဆီးပြီးနောက် ဧရာ၀တီမြစ်ကြောင်းအတိုင်း ရေယာဉ်ဖြင့် ပြန်လည်ဆုတ်ခွာလာစဉ် PDF များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ရွှေဘိုးကြီးကျွန်းကျေးရွာ၊ စုပေါင်းကျွန်းကျေးရွာ၊ ‌ရွှေပေါင်ကျေးရွာ၊ ဒေါင်းကျွန်းကျေးရွာရယ် မီးရှို့ခံလိုက်ရတယ်။ လူနေအိမ် (၁၀)လုံးကျော်တော့ မီးထဲပါသွားတယ်လို့ သိရတယ်။ အတိအကျကိုတော့ စုံစမ်းနေဆဲပါ၊ ကျတော်တို့ ရှေ့ကင်းစခန်း အသေးလေးတွေ ၃ခုလည်း မီးရှို့ခံလိုက်ရတယ်။ လက်နက်တွေ ပါသွားတာမျိုးတော့ မရှိပါဘူး” ဟု မတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တောက်က ပြောသည်။

၎င်းတိုက်ခိုက်မှုကို Generation Z Power-GZP (Mandalay), BRA, ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း(၁)၊ မန္တလေးခရိုင် အမှတ် (၃)တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၄)တပ်ရင်း တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *