စစ်ရေးအရှိန်မြင့်ရန်အတွက် NUG ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ တပ်ခွဲအနေဖြင့် ရေးဘီလူးအဖွဲ့ တာဝန်ထမ်းဆောင်မည်

တော်လှန်ရေးကို အရှိန်မြှင့်တင်မှုများ လုပ်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိအထူးစစ်ဆင်ရေးတပ်ဖွဲ့ ( SOF) တပ်ခွဲ အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ရေးဘီလူးအဖွဲ့သည် မွန်ပြည်နယ် တစ်ခုလုံးတွင် တိုက်ပွဲများအရှိန်မြှင့်ရန်နှင့် ပြည်သူများ အားကိုးရသည့် တပ်ဖွဲ့ဖြစ်လာရန်အတွက် MOD ၏ တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲမှု ကိုခံယူခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ စစ်ဒေသကွပ်ကဲမှုအောက်ကို ဝင်လိုက်တာက ဥပဒေဘောင်နဲ့ သွားချင်လို့ပေါ့။ နောက် ပြည်သူ အားကိုးရတဲ့ တပ် တစ်တပ်ဖြစ်လာအောင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန် ရေးအတွက်အားတစ်ခုပါ။ ရေးဘီလူးအဖွဲ့က နယ်မြေကျွမ်းကျင်ပြီး မွန်ပြည်နယ်နဲ့ ပတ်သက်တဲ့ မြို့ပြ စစ်ဆင်ရေးတွေမှာ ပူးပေါင်းအရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်လာနိုင်မှာပါ။ SOF ရဲ့ တပ်ခွဲအနေနဲ့ ပါဝင်လာတာကြောင့် ရေးဘီလူးအဖွဲ့ကို မွန်းမံ သင်တန်း တွေပြန်ပေးဖို့ ရှိပါတယ်။ ရေးဘီလူးအဖွဲ့လာပေါင်းတဲ့ အတွက် အစစအရာရာ အားရှိရတယ်” ဟု SOF တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရေးဘီလူးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်တွင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီ ဒေါက်တိုင်များနှင့် စစ်ကောင်စီတပ်အား မကြာခဏ တိုက်ခိုက်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များ ထံက သိရသည်။

“MOD အောက်ကသွားရင် ပိုပြီးစနစ်ကျလာမယ်။ ခဲယမ်းပိုင်းလည်းပိုပြီး အားကောင်း လာမယ်။ ပြည်သူတွေလည်းပိုပြီးအားရမယ်လို့မျှော်လင့်မိတယ်” ဟု ထုတ်ပြန်ထားပြီး အထူးစစ်ဆင်ရေး တပ်ခွဲမှူး ရေးဘီလူး ဟု လက်မှတ်ရေးထိုးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *