ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး TNLA ထိန်းချုပ်မှုအောက်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ကို ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) ညက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ခဲ့ပြီးနောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးသည် စစ်ကောင်စီလောက်အောက်မှ TNLA ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပြီဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နမ့်ဆန်နှင့် မန်တုံမြို့တို့သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်သည်။ TNLA က နမ့်ဆန်ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ပြီး အလုံးစုံထိန်းချုပ်ထားသည်။

မန်တုံမြို့ကို သိမ်းပိုက်ရန်အတွက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းကို TNLA က ယမန်နေ့ညတွင် အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

ထို့နောက် ညသန်းခေါင်အချိန်တွင် မြို့အဝင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း အမှတ် (၁၃၀) ဗျူဟာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ နံနက်အထိ လိုက်လံရှာဖွေနေကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နောက်ဆုံးတပ်စခန်းကိုတော့ သိမ်းလိုက်နိုင်ပြီ။ (၁၃၀) စခန်းထဲကနေ ထွက်ပြေးသွားတဲ့ စကစ တွေတော့ ကျန်နေတယ်” ဟု TNLA နှင့် နီးစပ်သည့် ထိုသူက ဆိုသည်။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျား၏ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာတွင်လည်း မန်တုံမြို့ကို ရူကောမြေဟု ခေါ်ဆိုထားပြီး “ရူကောမြေအတွက် ကြွေကွဲခဲ့သမျှ ဆွေးမြေ့ခဲ့သမျှ အသစ်တဖန် ပြန်လည်မွေးဖွားလာပါပြီ”ဟု ယနေ့ နံနက်တွင် ရေးသားထားသည်။

တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်သော မန်တုံမြို့သည် နမ့်ဆန်မြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာအဝေးတွင် ရှိပြီး နမ္မတူနှင့်လည်း နယ်မြေနီးကပ်ကာ သိမ်းယူလိုက်သော တပ်စခန်းသည် နမ့်ဆန်မြို့ မကျစေရေး ပစ်ကူပေးခဲ့သောတပ်လည်း ဖြစ်သည်။

TNLA ဘက်ကမူ နောက်ဆုံးကျန်နေသော မန်တုံတပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ခြင်း မရှိသေးဘဲ ယမန်နေ့ နံနက် ၆ နာရီခန့် ကစတင်၍ တိုက်ပွဲပြင်းထန်နေကြောင်းသာ ထုတ်ပြန်ထားသည်။

ယမန်နေ့ တစ်ရက်အတွင်း မန်တုံမြို့အနီးတစ်ဝိုက်ကို လေတပ်က ဂျက်ဖိုက်တာနှင့် ၁၃ ကြိမ်၊ Y12 လေယာဉ်နှင့် ၄၈ ကြိမ် စုစုပေါင်း ဗုံး ၂၅၈ လုံး အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ည ၁၁ နာရီတွင် TNLA ဘက်က ထုတ်ပြန်ထားသည်။

မန်တုံမြို့သည် TNLA ဘက်က အပြီးသတ်သိမ်းပိုက်ထားသည့် နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့အကြားတွင် တည်ရှိပြီး နမ့်ဆန်မြို့မှ တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ဘေးက နမ့်ခမ်းမြို့ နယ်မြေတစ်လျှောက်လုံးကို TNLA က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် နမ့်တန်၊ နမ့်ခမ်းမြို့တို့ ပြီးလျှင် မန်တုံမြို့သည် TNLA တတိယမြောက်သိမ်းယူရရှိခဲ့သည့်မြို့ ဖြစ်သည်။

နမ့်ခမ်းမြို့နယ်တောင်ဘက် တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်အရှေ့ဘက်တွင် ရှိသော မန်တုံမြို့နယ်အတွင်း မြို့ပေါ်ရှိ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ၊ မန်တုံ ဌာနေပြည်သူ့စစ်စခန်းများကို နိုဝင်ဘာ ၃ ရက်ကတည်းက TNLA က တိုက်ခိုက်သိမ်းယူခဲ့သည်။

ထိုရက်ကတည်းက မြို့အရှေ့ဘက် ကပ်လျက်ရှိသော အမှတ် (၁၃၀) ခြေလျင်တပ်ရင်း တပ်စခန်းကို သိမ်းယူရန် TNLA က ကြိုးပမ်းခဲ့ပြီး စစ်ကောင်စီက လေကြောင်းထောက်ပို့များဖြင့် ထိုစခန်းမကျစေရေး ပြန်လည်ကြိုးပမ်းခဲ့သည်။

ထိုအတောအတွင်း မန်တုံမြို့နှင့် နမ့်ခမ်းမြို့တစ်လျှောက်ရှိ စစ်တပ်စခန်းများကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *