မန္တလေးမြို့ပြပြောက်ကျားအဖွဲ့စခန်းကို လာစီးနင်းသည့် စစ်သားများ ချုံခိုတိုက်ခိုက်ခံရ

Generation Z Power (GZP) အမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့၏ ကင်းစခန်းကို ရေကြောင်းမှ ဝင်ရောက်လာပြီး စီးနင်းစဉ် အယောင်ပြဆုတ်ခွာကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြင့် ပြန်လည်တိုက်ခိုက်ရာ အထိအခိုက်များစွာဖြင့် ပြန်ဆုတ်သွားရသည်ဟု GZP အဖွဲ့ တာဝန်ခံက ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့စခန်းတစ်ခုကို ဒီဇင်ဘာ ၂၀ ရက်တွင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် သတင်းကြိုရ၍ ကြိုတင်စောင့်ဆိုင်းနေသော ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့၍ ပြန်ဆုတ်သွားကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင် ရှိသော Generation Z Power (GZP) အမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့၏ ကင်းစခန်းကို ယင်းနေ့ နေ့လယ်တွင် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်က ရေကြောင်းမှတစ်ဆင့် သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာပြီး စီးနင်းခဲ့ခြင်းဖြစ်သည်။

“ဖြစ်တာက ကျွန်တော်တို့ရဲ့ကင်းစခန်းပါ။ သူတို့ ဝင်လာတယ်….ကျွန်တော်တို့က ဆုတ်ပေးလိုက်တယ်။ ပြီးမှ တော်လှန်ရေးအဖွဲ့တွေပေါင်းပြီး တိုက်စစ်ဆင်တာပါ။ သူတို့ဘက်က ၁၀ ဦးကျော် ကျတယ်” ဟု GZP အဖွဲ့ တာဝန်ခံက Myanmar Now ကို ပြောသည်။

ဒီဇင်ဘာ ၂၀ နံနက်အစောတွင် မတ္တရာမြို့နယ် ဒေါင်းကျွန်းကျေးရွာအပါအဝင် မတ္တရာအနောက်ခြမ်းကျေးရွာများကို မီးရှို့ပြီး ထွက်ခွာလာသော အဆိုပါ သင်္ဘောသည် နေ့လယ်ပိုင်း၌ GZP အဖွဲ့၏ ကင်းစခန်းနေရာကို ဝင်ရောက် စီးနင်းနေစဉ် တိုက်ခိုက်ခံရသည်။

စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးပြီး ၈ ဦးကျော် ပြင်းထန်ဒဏ်ရာရရှိသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် GZP အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

သေဆုံးသူများထဲတွင် မန္တလေးရေကြောင်းရုံးမှ ဒုရဲမှူးသူရအောင် (၃၅ နှစ်) ဆိုသူ ပါဝင်ပြီး တော်လှန်ရေးအဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်း GZP အဖွဲ့တာဝန်ခံက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်သော Generation Z Power (GZP)၊ ပုသိမ်ကြီးမြို့နယ် (ပကဖ)၊ မတ္တရာပကဖ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မန္တလေးခရိုင် အမှတ် (၃) ၊ (၄) တပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁) တပ်ရင်း တို့နှင့်အတူ BRA တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

GZP အဖွဲ့သည် မန္တလေးမြို့ပေါ်တွင် ပြောက်ကျားအဖွဲ့အနေဖြင့် လှုပ်ရှားပြီး စစ်ကောင်စီထောက်တိုင်များ၊ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်နေသော အဖွဲ့ဖြစ်ကာ နှစ်နှစ်ကျော်အတွင်း တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့သည်။

ရေကြောင်း ဒုရဲမှူးသူရအောင်သည် ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်ပြီး မန္တလေးရေကြောင်းရုံးတွင် တာဝန်ကျသည်မှာ ၆ လခန့်သာ ရှိသေးပြီး ထိုနေ့တိုက်ခိုက်မှုတွင် သေဆုံးသွားကြောင်း ၎င်းနှင့် လုပ်ငန်းခွင်နီးစပ်သူတစ်ဦးက အတည်ပြုသည်။

“ဟုတ်တယ်။ အလောင်းကို သင်္ဘောကျင်းအနောက်ဘက်ပေါက်ကနေ သယ်ထုတ်သွားကြတယ်။ သူက ပုသိမ်ကြီးသား။ လူငယ်…ထက်တယ်…ခပ်မာမာကောင်။ သူ…တာဝန်ကျတာ မကြာသေးဘူး” ဟု ထိုရင်းမြစ်က ဆိုသည်။

မန္တလေး ရတနာပုံသင်္ဘောကျင်းအနီး နေထိုင်သူတစ်ဦးက ထိုနေ့က မန္တလေးသင်္ဘောကျင်းအနီး စစ်တပ်က အင်အားအများအပြားဖြင့် လုံခြုံရေးယူကာ အလောင်းများ သယ်ထုတ်နေသည်ကို မြင်ရကြောင်း၊ ဒဏ်ရာရရှိသူ ၃ ဦးကိုလည်း မြင်တွေ့လိုက်ရကြောင်း Myanmar Now ကို ပြောသည်။

“အနားကပ်လို့ မရဘူး။ သူတို့ကားတွေနဲ့ သူတို့ သယ်ကြတာ။ ကျွန်တော် မြင်လိုက်တာက ဒဏ်ရာရသူတွေ ၃ ဦးကျော်လောက်ရှိမယ်။ နောက်ပြီး အလောင်းတစ်လောင်း မြင်လိုက်တယ်”

”အဲဒီနေ့က တစ်နေ့တည်းပဲ ချင်းတွင်းမြစ်ဘက်ကလာတဲ့ သင်္ဘောပေါ်က အလောင်းတွေ အများကြီး ချတယ်။ ကျွန်တော့်အထင် ၄၀ အောက်။ ချတဲ့နေရာက သင်္ဘောကျင်းအောက် သစ်ဆိပ်။ ကတ်ကြမ်းတွေတောင် မပါဘူး။ (အလောင်းတွေ) ဒီအတိုင်း ပစ်…ပစ်ချတာ” ဟု သင်္ဘောကျင်းအနီး နေထိုင်သူ အမျိုးသားက ပြောသည်။

ရဲမှူးသေဆုံးသည်၊ အလောင်းအများအပြား ဆိပ်ကမ်းတွင် ချထားသည်ဟူသော အချက်နှင့်ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် မတ္တရာမြို့နယ်အနောက်ခြမ်း မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး ရွာမီးရှို့မှုများလည်း ရှိနေသည်ဟု သိရသည်။ မတ္တရာအနောက်ခြမ်းရှိ မီးရှို့ခံရသည့်ရွာနှင့် အိမ်ခြေအရေအတွက်ကိုမူ မသိရှိရသေးပေ။

စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်စာမျက်နှာများတွင် မတ္တရာမြို့နယ် GZP ပြောက်ကျားစခန်းတစ်ခုကို ရှင်းလင်းနိုင်ခဲ့ပြီး အလောင်းနှင့် လက်နက်တချို့ရရှိကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းမှစတင်၍ MDY-PDF ဟု လူသိများသည့် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ပါဝင်တိုက်ခိုက်နေသည်။

စစ်ကောင်စီသည် မတ္တရာအရှေ့ခြမ်းတွင် တိုက်ပွဲဖြစ်ပွားနေသလို မတ္တရာအနောက်ခြမ်းတွင်လည်း မတ္တရာမြို့နယ် ပကဖအပါအဝင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်နေသည်။

မတ္တရာအနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေး သုံးဆယ်ပေးရွာတွင် စခန်းချထားသည့် စစ်ကောင်စီ တပ်စခန်းတစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ နံနက်တွင် မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ GZP ပါဝင်သော တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ သေဆုံးခဲ့ပြီးနောက် ထိုရွာရှိ နေအိမ် ၃၀ ခန့်ကို စစ်တပ်က မီးရှို့ပြီး နောက်တစ်နေ့ (နိုဝင်ဘာ ၂၀) တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် သုံးဆယ်ပေးကျေးရွာနှင့် ကပ်လျက်ရှိသော ကျောက်တံတားရွာသို့ ကျရောက်ပေါက်ကွဲကာ အသက်၂ နှစ်ခွဲအရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။

ရွာနီးစပ်များကိုလည်း စစ်ကြောင်းထိုးနေသဖြင့် သုံးဆယ်ပေးရွာအပါအဝင် ၁၀ ရွာခန့်မှ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *