မန်တုံမြို့ကို တအာင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

(သတင်းထဲမှာ စိတ်မချမ်းမြေ့စရာ ရုပ်ပုံတွေ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်)

တအာင်းဒေသ မန်တုံမြို့ကို တအာင်းတပ်မတော်- PSLF/TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကစပြီး မန်တုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ ၁၃၀)ကို တအာင်းတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ မနေ့ ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က စံချိန်တင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မနေ့ တစ်ရက်တည်းမှာတင် မန်တုံမြို့တွင်းနဲ့ တိုက်ပွဲ ဖြစ်ပွားရာကို ဂျက်ဖိုက်တာနဲ့ ၁၃ ကြိမ်၊ Y-12 လေယာဥ်နဲ့ ၄၈ ကြိမ်၊ ဗုံး ၂၅၈ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန်ကန်ရွာမှ နေအိမ် ၁ လုံး မီးလောင်ပြီး မန်ကန်ရွာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီးတော့ ဟိုခိုရွာထဲမှာလည်း နေအိမ်တချို့ ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်မှုတော့ မတွေ့ရသေးပါဘူး။

မန်တုံမြို့ခံတွေကတော့ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိမှာကို စိုးရိမ်နေတာကြောင့် နေရပ်မပြန်ရဲသေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေကို တအာင်းတပ်က သိမ်းဆည်းရမိပြီး အရေအတွက်အတိအကျကို စစ်ဆေးဆဲဖြစ်ပြီး နှစ်ဖက်တပ် အကျအဆုံးတွေလည်း ရှိနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *