မြောက်ပိုင်းအဖွဲ့များ သိမ်းယူမည်ဟု သတင်းထွက်နေသည့် မူဆယ်မြို့

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကနယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် စစ်ရေးတင်းမာလျက်ရှိသော်လည်း ဒေသခံများ အသွားအလာရှိနေသည်ကို ယနေ့ (ဒီဇင်ဘာ ၂၃) နေ့လယ်တွင် မြင်တွေ့ရသည်။

လောင်းကစားဝိုင်းအများအပြားနှင့် တရုတ်နိုင်ငံက နှိမ်နင်းနေသော ကျားဖြန့်လုပ်ငန်း တည်ရှိနေသည့် မူဆယ်မြို့သည် ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်မည့် နယ်မြေတွင် ပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေရာ ဒေသတွင်း စစ်ရေးတင်းမာနေသည်။
တရုတ်-မြန်မာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော မူဆယ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိသည့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တစ်ခုလုံးကို မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် ထိန်းချုပ်လိုက်ပြီးနောက် အနီးဆုံးနယ်မြေဖြစ်သော မူဆယ်မြို့ကို သိမ်းယူရန် ပြင်ဆင်နေသည်။

ထို့ကြောင့် မူဆယ်မြို့တွင်း တိုက်ပွဲများဖြစ်လာပါက ကြိုတင်တိမ်းရှောင်သည့်အနေဖြင့် မူဆယ်နှင့် နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့တွင်းသို့ ထွက်ခွာကြသူများလည်း ရှိနေကြောင်း သိရသည်။

မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခု ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်တွင် ကျင်စန်းကျော့၊ ဆင်ဖြူ၊ မန့်ဝိန်း၊ နန်းတော်ဂိတ်တို့ ရှိသည်။

လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ဂိတ် ပါဝင်နေသော နယ်မြေအများစုကို မြောက်ပိုင်းအဖွဲ့များက ထိန်းချုပ်ထားရာ ကုန်သည်များက နယ်စပ်ဂိတ်များ အမြန်ဆုံးဖွင့်ပေးစေလိုကြသည်ဟု ဆိုသည်။

“လက်ရှိ ကုန်သွယ်ရေးတွေကို ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းတွေကို Request လုပ်ချင်ပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အမြန်ဆုံးပြန်ဖွင့်စေချင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကပဲ စီမံပြီးတော့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေ အရမ်းခက်ခဲလာလိမ့်မယ်” ဟု မန္တလေးအခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင် TNLA, AA, MNDAA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး စတင်ခဲ့ရာ ဒေသတွင်း စစ်တပ်နှင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှုတစ်ခုလုံးနီးပါး ရပ်ဆိုင်းသွားသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်သည့်နေရာဖြစ်သည်။

ပို့ကုန်သွင်းကုန်လိုင်စင်နှင့် အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုများပေးသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို TNLA နှင့် မဟာမိတ်များက ထိန်းချုပ်ထားပြီးဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *