လေကြောင်းနဲ့ ဗုံး(၃,၆၀၀)လုံး စံချိန်တင် အသုံးပြုခဲ့ပေမဲ့ မန်တုံမြို့ကို လက်လွှတ်လိုက်ရ

စစ်ကောင်စီတပ်က လက်ကျန် နောက်ဆုံးစခန်းတစ်ခုကို ကာကွယ်ဖို့အတွက် Y-12 လေ​ယာဥ္နဲ့ ၄၈ ကြိမ် ဗုံး(၃,၆၀၀)လုံး စံချိန်တင် အသုံးပြုခဲ့ပေမဲ့ တအာင်းဒေသ မန်တုံမြို့ရှိ နောက်ဆုံးစခန်းကို လက်လွှတ်လိုက်ရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်ကစပြီး မန်တုံမြို့အဝင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၁၃၀)ကို တအာင်းတပ်မတော်- TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ရာ ၅ ရက်အကြာ မနေ့ ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီခွဲမှာတော့ စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

မန်တုံ တိုက်ပွဲဟာ စစ်ကောင်စီတပ်ရဲ့ ပြည်တွင်းစစ် သမိုင်းတစ်လျှောက် ဗုံးအရေအတွက် စံချိန်တင် အသုံးပြု ကြဲချခဲ့တယ်လို့လည်း တအာင်းတပ်မတော်ထဲ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောပါတယ်။

မန်တုံမြို့နယ်ထဲက ခိုမုန်းတပ်စခန်း၊ ရဲစခန်း၊ ပြည်သူ့စစ်စခန်းကို TNLA က တိုက်ခိုက်ပြီးနောက် ခလရ ၁၃၀ ဗျူဟာကုန်းကို နောက်ဆုံး ထိုးစစ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။

တအာင်းတပ်မတော်အနေနဲ့ ဒီဇင်ဘာ ၁၅ ရက်က နမ့်ဆန်၊ ဒီဇင်ဘာ ၁၉ ရက်က နမ့်ခမ်းမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ နောင်ချို၊ ကျောက်မဲနဲ့ မိုးမိတ်ရှိ စစ်စခန်း ၆၀ ကျော်ကို သိမ်းပိုက်ရရှိထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *