စစ်သားများ သေဆုံးမှု အလွန်များပြားနေ၍ အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျ အရာရှိ နှင့် စစ်သည် ၆၄၅ ဦးကို လျှို့ဝှက် လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်း

မင်းအောင်လှိုင်က တိုက်ရိုက်အမိန့်ပေးပြီး စစ်သားစုဆောင်းခိုင်းကာ ပြည်ထဲ ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်က ကြီးကြပ်ကွပ်ကဲရ

မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်သားများ သေဆုံးမှု အလွန်များပြားနေ၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ပြစ် ဒဏ်ကျ အရာရှိနှင့် စစ်သည် ၆၄၅ ဦးကို လျှို့ဝှက် လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှု ထမ်းခိုင်းမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်အရ သိရှိရသည်။

မင်းအောင်လှိုင်၏ အမိန့်အရ အကျဉ်းထောင်အသီး သီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အရာရှိ၊ စစ်သည်ဟောင်းများအနက်မှ စစ်သည် ၆၄၅ ဦးတို့သည် ပြန်လည် စစ်မှုထမ်းဆောင်ရန် ကိုယ်တိုင်ဆန္ဒပြုလာသဖြင့် အကျဉ်းကျခံနေရသော နေရာမှ ပြန်လည်လွှတ်ပေးသွားရန် ရည်ညွှန်းပါစာဖြင့် ညွှန်ကြားလာကြောင်း လျှို့ဝှက် အမိန့်စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် အကျဉ်းသားများ လွှတ်ရာတွင် သက် ဆိုင် ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ လာရောက်ခေါ်ဆောင်သည့် အဖွဲ့ထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆောင်ရွက်ပြီးစီးမှု အခြေအနေကို အချိန်နှင့် တစ်ပြေးညီ တယ်လီဖုန်းဖြင့် ကနဦး သတင်းပို့ရန်၊ လာရောက် ခေါ်ဆောင်သူများ၏ အမည်၊ ရာထူး၊ ဌာန၊ လွှတ်ပြီးချိန်တို့ကို တစ်ပါတည်း သတင်းပို့ရန်၊ အသေးစိတ်အစီရင်ခံစာကိုလည်း အမြန်ဆုံး ဆက်လက် တင်ပြနိုင်ရေး လက်အောက်သို့ ထပ်ဆင့်ညွှန်ကြားသွားနိုင်ရန် အတွက် ရည်ညွှန်းပါစာနှင့်အတူ ပူးတွဲပေးပို့ အကြောင်းကြားအပ်ကြောင်း လျှို့ဝှက် အမိန့်စာတွင် ဖော်ပြထားသည်။

အဆိုပါအစီအစဉ်ကို မင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် စီစဉ် ကြီးကြပ်ကွပ်ကဲရကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန ရရှိထားသော သတင်းအချက်အလက်များအရ လက်ရှိ ပြစ်ဒဏ်ကျ စစ်သည်ဟောင်းများကို ပြန်လွှတ်ပေးပြီး စစ်မှုထမ်းခိုင်းမှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

ပထမအကြိမ်အဖြစ် ပြစ်ဒဏ်ကျစစ်သားဟောင်းများကို လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်းသည့်အစီအစဉ်ကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဆောင်ရွကခဲ့ခြင်းဖြစ်ပြီး လွတ်ငြိမ်းခွင့်ပေးလိုက်သည့် စစ်သားဟောင်းများတွင် စစ်ပြေးမှု ၊ စည်းကမ်းဖောက်ဖျက်မှု ၊ စစ်မှုထမ်းချိန်တွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ ပါဝင်ကြောင်း ၊ တမအ၃၇(၁)၊တမအ၆၅၊တမအ-၇၁/ရာ၃၂၄/တမအ-၆၅/၄၇(၂) ဖြင့် ပြစ် ဒဏ်ကျသူများလည်း လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *