မုံရွာမြို့ ဒီဇင်ဘာလမ်းလျှောက်ပွဲလုပ်တဲ့နေရာ မိုင်းခွဲခံရ၊ ပွဲတက်တဲ့ဝန်ကြီးချုပ်ကတော် လန့်ပြီး ဆေးရုံရောက်ဟုဆို

မုံရွာ၌ စစ်ကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့ လမ်းလျှောက် ပွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကန်သာယာကန်ကြီးဘေးမှာပြုလုပ်တဲ့ ဒီဇင်ဘာလမ်းလျှောက်ပွဲကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force – Monywa အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ဒီမနက်အစောပိုင်းမှာပြုလုပ်တဲ့ အဆိုပါလမ်းလျှောက်ပွဲနေရာအနီးကို ဒေသခံ ကာကွယ်ရေးတပ်တွေက မနက် ၇ နာရီလောက်မှာ မိုင်းခွဲခဲ့တာလို့ ဆိုပါတယ်။

“ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာ Non CDM တွေနဲ့ လုံခြုံရေးယူပေးတဲ့ ရဲနဲ့ စစ်သားတွေရှိတဲ့ လမ်းဘေးမှာပဲ မိုင်းထောင်ပြီး ဖောက်ခွဲခဲ့တာပါ။ လုံခြုံရေးယူပေးတဲ့ အင်အားကိုက ၁၀၀ ပတ်ဝန်းကျင် ရှိပါတယ်” လို့ Golden Eagle Force – Monywa ခေါင်းဆောင်ဗိုလ်လင်းယုန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတွေရှိခဲ့ပြီး ပွဲကိုတက်ရောက်လာတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ ဇနီးဖြစ်သူလည်းလည်း ပေါက်ကွဲသံကြောင့် လန့်ပြီးဆေးရုံပို့လိုက်ရတယ်လို့ ဆိုပါတယ်။

“ဆွဲတာကတော့ ဝန်ကြီးချုပ်ကို တည်ပြီးဆွဲတာ၊ ရှေ့နောက် Jammer တွေကာပြီး လမ်းလျှောက်တာ ဆိုတော့ မိုင်းကမကွဲဘဲ လူတန်းကျော်မှမိုင်းက ပေါက်ကွဲသွားတာ၊ ဝန်ကြီးချုပ် ကတော်ကတော့ မိုင်းပေါက်ကွဲသံကြားပြီး လန့်ပြီး‌တော့ နှလုံးဖောက်ပြီး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်” လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။

မိုင်းကွဲပြီးနောက် လမ်းလျှောက်ပွဲလုပ်ဖို့ အခမ်းအနားတွေရုပ်သိမ်းပြီးတော့ အဲ့ဒီနားတဝိုက်မှာပိတ်ဆို့ပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်ကလည်း မုံရွာမြို့ပေါ် က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၂ ခုနဲ့ တပ်ရင်း ၁ ခုကို Golden Eagle Force – Monywa အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ဖောက်ခွဲခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ကန်သာယာ၌ စစ်ကောင်စီခန့်ဝန်ကြီးချုပ်အပါအဝင် စစ်တပ်လက်အောက်ခံ ဝန်ထမ်းများ လမ်းလျှောက်ပွဲပြုလုပ်နေစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Goldern Eagle Force – Monywa အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့၊ ကန်သာယာတွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ်အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် လုံခြုံရေးအင်အားအများအပြားယူပြီး လမ်းလျှောက်ပွဲ ပြုလုပ်နေစဉ် မိုင်းတစ်လုံးဖောက်ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force – Monywa အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်ကို ဦးတည်ဖောက်ခွဲခဲ့သော်လည်း ဂျန်မာ(မိုင်း​ဖြတ်စက်)များကြောင့် နောက်ကျ၍ ပေါက်ကွဲသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်​အောက်ဝန်ထမ်းများ အများအပြားဒဏ်ရာရရှိသွားကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

“ဝန်ကြီးချုပ်နဲ့ စကစ ထောက်ခံသူတွေစုပေါင်းပြီး လမ်းလျှောက်ကြတဲ့ လမ်းဘေးကို မိုင်းထောင်ဖောက်ခွဲခဲ့တာပါ။ မိုင်းကွဲအပြီး ချက်ချင်းပွဲပိတ်ပြီး အကုန်ပြန်ပြေးကြတယ်။”ဟု Golden Eagle Force – Monywa အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဇနီးဖြစ်သူမှာလည်း မိုင်းပေါက်ကွဲမှုကြောက်လန့်ပြီး နှလုံး ဖောက်ပြန်ကာ ဆေးရုံတင်ထားရသည်ဟုဆိုသည်။

“အဲဘက်မှာ(ကန်သာယာဘက်မှာ)အစစ်အဆေးတွေကို အများကြီးပဲ။ ဗုံးကွဲပြီးမကြာဘူး ကားတွေတဝူးဝူး တဝေါဝေါလာတာ။မြို့တော်ခန်းမနဲ့ဘာမှမဝေးဘူး”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

သို့သော် ထိခိုက်မှုအခြေအနေများအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force – Monywa အဖွဲ့နှင့် မြို့ပြ UG တပ်ဖွဲ့ တစ်ဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့ပေါ်၌ စစ်ဆင်ရေးများ ပိုမိုတိုးမြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးရာ​တွင် သွားလာနေထိုင်ကြရန် Golden Eagle Force – Monywa အဖွဲ့က သတိပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *