မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း (၁၅၅)မမ ဟောင်ဝစ်ဇာလက်နက် ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရ

တအာင်းဒေသ မန်တုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက (၁၅၅)မမ ဟောင်ဝစ်ဇာလက်နက် ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို တအာင်းတပ်မတော်(PSLF/TNLA) က သိမ်းဆည်းရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကနေစပြီး မန်တုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (၁၃၀)၊ ဗျူဟာအမှတ် (၁၀၀၁)နဲ့ ခလရ-၂၅၄ (တွဲဖက်) စုစုပေါင်းအင်အား ၁၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တအာင်းတပ်နဲ့ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၅ ရက်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှု ဗုံးအလုံးပေါင်း (၃၆၀၀) ကျော် စံချိန်တင်အသုံးပြုတိုက်ခိုက်ခဲ့ပေမယ့် ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာတော့ မန်တုံမြို့ကို လက်လွှတ်လိုက်ရပါတယ်။
စခန်းကုန်းထဲက လက်နက်ခဲယမ်းအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ပျက်စီးခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ-၁၃၀ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးလှထွန်းနဲ့ ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးခဲ့ပြီး TNLA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့သူတွေလည်း ရှိပါတယ်။

ဗျူဟာအမှတ်(၁၀၀၁) ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်းက စခန်းကုန်းကနေ ထွက်ပြေးခဲ့ပြီး TNLA ဘက်က ဖမ်းဆီးရမိခြင်း ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

TNLA ဘက်ကလည်း မြို့သိမ်းတိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။

မြို့သိမ်းတိုက်ပွဲမစခင် စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုပေမယ့် ဗျူဟာမှူးက မချခိုင်းဘဲ စခန်းကုန်းပတ်ဝန်းကျင်မှာ ထွက်ပြေးမရအောင် မိုင်းတွေထောင်ထားခဲ့တယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကပြောပါတယ်။

ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TNLA က လိုက်လံရှင်းလင်းနေဆဲဖြစ်ပြီး မြို့ခံတွေကတော့ လေကြောင်းနဲ့ တိုက်ခိုက်မှာကို စိုးရိမ်နေသေးတာကြောင့် နေရပ်မပြန်နိုင်သေးပါဘူး။

တအာင်းဒေသ မန်တုံနဲ့ နမ့်ဆန်မြို့အပါအဝင် ရှမ်းမြောက် နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့ကို တအာင်းတပ်နဲ့ ပူးပေါင်းတပ်ဘက်က တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နဲ့ နမ္မတူမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *