မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ကြောင့် ကျောက်မဲတွင် အခြေစိုက်ထားသော အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖွဲ့စည်းပုံ ပျက်ပြီး အဖွဲ့များကွဲ၍ ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် အခြေစိုက်ထားသော အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁) သည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ကြောင့် ဖွဲ့စည်းပုံ ပျက်ပြီး အဖွဲ့များကွဲ၍ ထွက်ပြေးနေရကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြောင့် ကျောက်မဲမြို့တွင် အခြေစိုက်ထားသော စကခ ၁ သည် ဖွဲ့စည်းပုံပျက်၍ အင်အားနည်းပါးပြီး တပ်ရင်းဌာနချုပ်မကျအောင် ရုန်းကန်နေရကြောင်း၊ ကျောက်မဲမြို့နယ်နှင့်သီပေါမြို့နယ်ဘက်သို့ စစ်ကူများဆက်တိုက် စေလွှတ်နေရပြီး စစ်ကူများလည်း အဖွဲ့များကွဲကာ ပြန့်ကျဲ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“စကခ ၁ က ကျောက်မဲမြို့မှာ အခြေစိုက်ထားတာ။ အဲဒါက တပ်ရင်းဌာနချုပ်တော့ မကျသေးဘူး။ ဒါပေမယ့်လည်း ကျောက်မဲ၊ သီပေါ၊ နောင်ချိုဘက် အစရှိတဲ့နေရာတွေကို စစ်ကူတွေ လွှတ်ရတော့ သူလည်း အဖွဲ့တွေ ကွဲထွက်ကုန်ပြီးတော့ ကွဲသွားတဲ့ အဖွဲ့တွေကလည်း အဲဒီနယ်မြေတွေထဲမှာ လှည့်ပတ်ပြေးနေရတယ်။ ရှိရင်းစွဲ စကခ ၁ ကိုတော့ ရဟတ်ယာဉ်နဲ့ စစ်ကောင်စီက ထောက်ပို့တွေ လုပ်နေပေမယ့်လည်း ဖွဲ့စည်းပုံက ပျက်သလောက်ဖြစ်သွားတယ်။ စကခ ၁ ကနေ ဘာမှ မကွပ်ကဲနိုင်တော့ဘူး။ သူ့ဟာသူ ရန်သူလက်ထဲမကျအောင် မနည်း ခုခံနေရသလိုဖြစ်နေတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က‌ ပြောဆိုသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် ပတ်ဝန်းကျင်တစ်ခုလုံးတွင် TNLA အပါအဝ်င မဟာမိတ်တပ်များ စိုးမိုးထားသည့်အတွက် မြို့ပေါ် အခြေစိုက် နေရာမှလွဲ၍ မည်သည့်နေရာကိုမှ မသွားရဲကြကြောင်း၊ မြောက်ပိုင်းမဟာမိတ် တပ်တချို့က လာရောက် တိုက်ခိုက်မှုများကိုလည်း လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြင့်သာ ခုခံနိုင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်အရ စကခ ၁ အနီးပတ်ဝန်းကျင်နှင့် စကခ ၁ အတွင်းပိုင်းထဲတွင် မြေမြုပ်မိုင်းများ တပ်ဆင်ထားပြီး စစ်သည်များကိုယ်တိုင် ၎င်းတို့ထောင်ထားသော မိုင်းထိမည်စိုးရိမ်၍ မထွက်ရဲလောက်တော့အထိဖြစ်နေကြောင်း သိရှိရသည်။

“စကခ ၁ ထဲမှာရှိနေတဲ့လူတွေက မထွက်ရဲဘူး။ ကွဲထွက်နေတဲ့ အဖွဲ့တွေလည်း ပြန်လာစရာနေမရှိဘူး။ ကွပ်ကွဲမှု ဖွဲ့စည်းပုံကတော့ အကြီးအကျယ်ပျက်သွားတာ။ စကခ ၁ ဌာနချုပ် မကျအောင်တောင် မနည်းရုန်းကန်နေရတယ်” ဟု နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

၁၀၂၇ စစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုး၊ ကုန် ကြမ်း၊ ကွမ်းလုံ၊ နမ့်ခမ်းမြို့ ၊နမ့်ဆန်၊ မန်တုံနှင့် မိုင်းလုံမြို့ စုစုပေါင်း ၁၁ မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *