စစ်ကောင်စီကျင်းပတဲ့ ခရစ္စမတ်နှင့် နယူးရီးယားပွဲတွေမသွားကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီအလိုကျပြုလုပ်သည့် ခရစ္စမတ် နှင့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများကို မသွားရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

“ဒီဇင်ဘာလထဲမှာခရစ္စတ်ပွဲတော်တွေ နယူးရီးယား Countdown ပွဲတွေကို စစ်တပ်ရဲ့ စီစဉ်ပေးမှုတွေ ပံ့ပိုးကူညီမှုတွေနဲ့ အကြီးအကျယ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေသိရတယ်။ ဒီဟာတွေနောက်ခံအနေနဲ့ ရန်ကုန်မှာ ဒီဇင်ဘာ နှစ်ပတ်အတွင်း ကလေးအပါအဝင်လူငယ်ပိုင်းတွေ ဖမ်းဆီးခံရတာငါးဆယ်ကျော်နေပါပြီ။ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်အများစုကလည်း ညဘက်လမ်းမတွေပေါ်မှာ သွားလာတဲ့လူငယ်တွေကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ဧည့်စာရင်းဝင်စစ်တဲ့ပုံစံနဲ့မသင်္ကာသူတွေကိုဖမ်းဆီးတဲ့ပုံစံဖြစ်ပါတယ်။ တချို့လူငယ်တွေရဲ့သတင်းတွေပျောက်သွားတယ်။ တချို့လူငယ်တွေကျတော့ပိုက်ဆံနဲ့ အိမ်ကိုလာရွေးခိုင်းပြီး စစ်တပ်ကိုပိုက်ဆံပေးပြီးထွက်လာရတဲ့လူတွေရှိတယ်။

အထူးစိုးရိမ်တာက ခရစ္စမတ်ပွဲတော်တွေနဲ့ နယူးရီးယား Countdown ပွဲတွေမှာ စစ်တပ်ကလူငယ်တွေကို Target ထားဖမ်းဆီးတာတွေ ငွေညှစ်တာတွေ နောက်ဆုံးအဖမ်းခံရတဲ့လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်ထဲထည့်တာတွေဖြစ်လာနိုင်ပါတယ်။ဒါတွေကိုပြည်သူတွေသတိကြီးကြီးထားဖို့လိုပါတယ်။” ဟုစမ်းချောင်းမြို့နယ်ပြည်သူ့ကာ
ကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်ပီတာကြီးကပြောသည်။

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ ၌ ခရစ္စမတ် နှင့် နယူးရီးယားဈေးရောင်းပွဲ နှင့် ဖျော်‌ဖြေရေးများပြုလုပ်နေသလို စစ်ကောင်စီကလည်း ပြည်သူ့ရင်ပြင်၌ ဈေးရောင်းပွဲတော်ပြုလုပ်လျက်ရှိသည်။

ထို့ပြင် ဘား ၊ ကလပ် များတွင်လည်း ခရစ္စမတ် နှင့် နှစ်သစ်ကူးဖျော်ဖြေပွဲများပြုလုပ်ရန် ကြော်ငြာထားသလို ရန်ကုန် နယူးရီးယား Countdown ပွဲကိုလည်း သုဝဏ္ဏဘူမိ Event Park ၌ ပြုလုပ်မည်ဟု ကြေညာထားသည်ကိုတွေ့ရသည်။

“တော်လှန်ရေးရေချိန်ကအရမ်းကောင်းနေတယ်။ စစ်တပ်ကအထိနာနေတယ်။ စစ်တပ်ရဲ့စစ်သားလိုအပ်ချက်ရှိနေတာကိုသတိထားသင့်ပါတယ်။တော်လှန်ရေးအားကောင်းလာတာနဲ့အမျှစစ်တပ်ရဲ့ မြို့ပြနေပြည်သူတွေအပေါ်ဖိနှိပ်မှုများပြားလာတယ်။ ဒီဖိနှိပ်မှုကနေလွတ်ချင်ရင် တော်လှန်
ရေးမှာ တစိတ်တဒေသပါဝင်ပေးပါ။အာရုံစိုက်ပေးကြပါ။ မြေပေါ်မြေအောက်တော်လှန်ရေးအဖွဲ့အစည်းအားလုံးကဘက်ပေါင်းစုံကနေ အိမ်ပြန်နိုင်ဖို့ကြိုးစားနေပါတယ်။ တော်လှန်ရေးလမ်းခရီးက အတိုင်းအတာတစ်ခုအထိရောက်နေပါပြီ။ မကြာခင်အိမ်ပြန်ရတော့မှာပါ” ဟု ရဲဘော်ပီတာကြီးကပြောသည်။

စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများပြုလုပ်နေသည့် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိ
သူ Vivienne ကလည်း ခရစ္စမတ် နှင့်နယူးရီးယား ပျော်ပွဲရွှင်ပွဲများကို ရှောင်စေလိုကြောင်းသတိပေးသည်။

“အပျော်လွန်ရင် ပျက်တတ်တဲ့သဘောတရားရှိပါတယ်။ ပြည်သူတွေကို တတ်နိုင်သမျှ မထိခိုက်စေချင်လို့ အထူးသတိပေးပါတယ်။ ” ဟု ၎င်းကပြောသည်။

ထို့အတူ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ ၂ မှ တာဝန်ရှိသူကလည်း “ပြည်သူတွေမသွားကြဖို့ အပျော်အပါးတွေလျှော့ဖို့ပဲပြောချင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများရှိသော်လည်း မြို့ပြတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေသည့် ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းဥက္ကဌကလည်း တော်လှန်ရေးပြုလုပ်နေသူများကို ကိုယ်ချင်းစာသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများကိုသွားရောက်ပျော်ပါးသည့် ပုံရိပ်များကို လူမှုကွန်ရက်၌ မတင်ရန် မေတ္တာရပ်ခံသည်။

“ရန်ကုန်မှာ ဒီလိုပွဲတွေ‌ဆို ကျွန်တော်တို့လူငယ်တွေလည်း ကဲခဲ့ကြတာချည်းပါပဲ။ ဒီလိုကဲခဲ့ကြတဲ့ လူငယ်တွေထဲက တစ်ချို့တစ်ဝက်ကမြို့ပြပြောက်ကျားတွေ ဖြစ်သွားတယ်။ တချို့က ပြည်သူ့ကာကွယ်ရေးတပ်မတော် တချို့က သပိတ်အင်အားစုတွေဖြစ်သွားတယ်။ ဒီထဲမှာမပါဝင်သူတွေသာ ကဲလို့ရတယ်။အခုကာလမဟုတ်ရင်တော့ ကျွန်တော်တို့လည်းအတူတူပါဝင်ချင်တာပေါ့ဗျာ။ တိုင်းရေးပြည်ရေး အခြေ
အနေနဲ့ တစ်ဖက်ကရှိနေတဲ့ လူငယ်တွေရဲ့ပုံရိပ်တွေကို စာနာသောအားဖြင့် ပွဲလမ်းသဘင်မှာ ပျော်ရွှင်မှုနေတဲ့ ပုံရိပ်တွေ ဗီဒီယိုတွေမတင်ကြဖို့တိုက်တွန်းလိုပါတယ်။ ကျွန်တော်
တို့ကိုလည်း ကိုယ်ချင်းစာတဲ့အနေနဲ့ပါ” ဟု အထက်ပါဥက္ကဌကပြောသည်။

စစ်​ကောင်စီက ​လောင်းကစားပွဲများအပါအဝင် ​ပျော်ပွဲရွှင်ပွဲမျိုးစုံပြုလုပ်ကြရန် အဓိက တွန်းအား​ပေး​နေခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *