စစ်ကောင်စီ၏ တိုက်လေယာဉ်များက လောက်ကိုင်မြို့ရှိ အမှတ် ၃၁၁ ငြိမ်းချမ်းရေးကွင်းကို ဗုံးကျဲ ဖျက်ဆီး (ရုပ်/သံ)

စစ်ကောင်စီ၏ တိုက်လေယာဉ်များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ အမှတ် ၃၁၁ ငြိမ်းချမ်းရေးကွင်းကို ဗုံးကျဲ ဖျက်ဆီးလိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ရက်အနည်းငယ်တည်ငြိမ်မှုရှိခဲ့ပြီး သို့သော် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့်ကိုးကန့်ဒေသနှင့် ကိုးကန့်ဘေးပတ်လည်နေရာများကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တစ်ချိန်တည်း မြေပြင်စစ်ပွဲလည်း ပြန်လည်ဖြစ်‌ပေါ်လာခဲ့ကြောင်း၊ လက်ရှိ ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေဆဲရှိပြီး စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုလည်း ဆက်လက်လုပ်ဆောင်လာနေကြောင်း၊

စစ်ကောင်စီက လောက်ကိုင် အမှတ် ၃၁၁ ငြိမ်းချမ်းရေးကွင်း(ခေါ်) ကစားကွင်း၊ ပိုက်ဟော်တိုက်ကို ဂျက်လေယာဉ်ဖြင့်လာရောက်ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က တိုက်လေ ယာဉ်များဖြင့် နေ့စဉ် ရက်ဆက် ဗုံးကျဲပစ်ခတ်တိုက် ခိုက် ဖျက်ဆီးနေသဖြင့် မြို့ပျက်ကြီးတစ်ခုဖြစ်လာနေကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လောက်ကိုင်မြို့ရှိ ကိုးကန့် MNDAA ထိန်းချုပ်ထားသည်ဟု ထင်မြင်သော နေရာမှန်သမျှကို စစ်တပ်က လက်နက်ကြီး၊ လေ​ကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများပြားကြောင်း ဒေသပြည်သူများကပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး လောက်ကိုင်မြို့နယ်ဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည် စတင်ဖြစ်ပွားကာ လောက်ကိုင်မြို့တွင်း၌ပင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်က မြို့ထဲဧရိယာကို နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

လောက်ကိုင်မြို့တွင်း၌ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကိုးကန့် MNDAA က နယ်မြေတချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ယင်းနေရာများကို ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေသဖြင့် ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့ကြောင်း၊ လောက်ကိုင်မြို့သည် မြို့ပျက်ကြီးသဖွယ်ဖြစ်လာကြောင်း သိရှိရသည်။

“မနေ့ကနဲ့ ဒီနေ့မနက် လောက်ကိုင်မြို့ထဲက တိုက်ကိုးလုံးနားလေးကို စစ်တပ်က လေယာဥ်နဲ့ ရမ်းပစ်နေတာ ကိုး ကန့် တပ်တွေက ဒီဖက်ခြမ်းတွေထိသိမ်းလိုက်တာ စစ်တပ်က သူတို့ စိတ်ထင်တဲ့ နေရာကိုပြစ်တော့ ဘေးပတ်ဝန်းကျင် ပေ ၁၀၀ ပတ်လည်လောက်က အဆောက်အဦးတွေလည်း အကုန်ပျက်ဆီးသွားတာ ဗုံးက အရမ်းပြင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က လောက်ကိုင်မြို့နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများကိုလည်း လုံး၀ ဖြတ်တောက်ထားကြောင်း၊ လောက်ကိုင်မြို့ထဲတွင် ဆက်လက်နေထိုင်သေးသည့် ပြည်သူတချို့ရှိနေသေးကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *