ပန်းတနော်တွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးဗိုလ်မှူးက အရပ်ဘက် ဦးစီးမှူးကို အများပြည်သူမြင်ကွင်း၌ ပါးရိုက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် မြို့နယ်အဆင့်စစ်ကောင်စီအုပ်ချုပ်ရေးမှူးဖြစ်သူဗိုလ်မှူးက ဌာနဆိုင်ရာဦးစီးမှူးတစ်ယောက်အား အများပြည်သူမြင်ကွင်း၌ ပါးရိုက်ပြီး ရိုက်နှက်ကန်‌ကျောက်ခဲ့သည်ဟု မြို့ခံများကပြောသည်။

“Non အချင်းချင်း အာဏာပြတာ။ လောင်းကစားဝိုင်းကနေ စဖြစ်တဲ့ ပြဿနာ။ ဗိုလ်မှူးဇေယျာလင်းက အား/ကာဦးစီးမှူးကို လမ်းလယ်မှာ ဒူးထောက်ခိုင်းပြီးပါးရိုက်တာ။ဒီကိစ္စက Non တွေကြားထဲ တော်တော် ပွဲဆူနေတယ်” ဟုမြို့ခံ တစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၃ရက်ညက ပန်းတနော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူးသည် အနောက်ပိုင်းရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်ဆိုင်ပိုင်ရှင်နှင့် လောင်းကစားကိစ္စစကားများရာမှာ ဆိုင်ပိုင်ရှင်က မြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးမှူးဗိုလ်မှူးဇေယျာလင်းကို ဖုန်းဆက်တိုင်ကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ဗိုလ်မှူးဇေယျာလင်းရောက်ရှိလာပြီး အားကာဦးစီးမှူးကို ရိုက်နှက်ခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

ထိုဖြစ်စဉ်အား ပန်းတနော်မြို့နယ်ထွေအုပ်ရုံးအား ဆက်သွယ် မေးမြန်းရာ ဝန်ထမ်းအမျိုးသမီးတစ်ဦးက “ဒါနဲ့ ပတ်သက်လို့ လူကြီးတွေ ဆက်ပြီး လုပ်နေပါတယ်” ဟုသာ​ဖြေဆိုသည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဗိုလ်မှူးဇေယျာလင်းကိုပုသိမ်တိုင်းရုံးသို့ ဆင့်ခေါ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်မပြုနိုင်သေး​ပေ။

ထို့အပြင် ဗိုလ်မှူးဇေယျာလင်း၏ လုပ်ရပ်အပေါ် စစ်​ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများက ပြစ်တင်ရှုတ်ချနေကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိသော်လည်း တိုက်ပွဲမဖြစ်ဘဲငြိမ်သက်နေသည့် ဧရာဝတီတိုင်း၌ စစ်ကောင်စီ၏ဌာနဆိုင်ရာဝန်ထမ်းများနှင့်အရာရှိများသည် စားသောက်ဆိုင်များ၊ KTV များ၌ ညစဉ် ဝိုင်းဖွဲ့စားသောက်နေကြသည်ဟု​ဒေသခံအချို့က​ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *