မုံရွာ သာစည်ထောင်ရှေ့ ဂိတ်ဖွင့်ငွေညှစ်တဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ နှစ်ယောက် သေ၊ ငါးယောက် ဒဏ်ရာရ၊

ဒဏ်ရာရတဲ့ စစ်အုပ်စု မုံရွာဘက် ပို့ချိန် ထပ်မံတိုက်ခိုက်ရာ စစ်အုပ်စု ငါးလောင်းနဲ့ သေနတ် သုံးလက်ရ၊

စစ်ကိုင်းတိုင်း မုံရွာမြို့ သာစည်ထောင်ရှေ့ ဂိတ်ဖွင့်ကာ လမ်းသွားလမ်းလာ ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို မနေ့က မနက်(၈)နာရီအချိန် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု နှစ်ယောက် သေပြီး ငါးယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ(၂၄)ရက်၊ မနက်(၈)နာရီခွဲဝန်းကျင် ပြည်သူကို ဖမ်းဆီးငွေညှစ် လက်နက်ပြ မိုက်ကြေးခွဲဖို့အတွက် သာစည်အကျဉ်းထောင် အတွင်းကနေ ထောင်ရှေ့က ဂိတ်ရှိရာ ထွက်လာတဲ့ စစ်အုပ်စု (၁၀)ယောက်ကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF-Garaစခန်း)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (Special Region Attack Force-SRAF) တပ်ခွဲ၊ 9 Million အဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း၊ Future Star အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ(၄) Y.A.S.F၊ မုံရွာခရိုင်တပ်ရင်း (၂၁) တပ်ခွဲ(၃)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ တိုက်နယ်(၅) တို့ ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ တပ်သား(၁၀)ဦးခန့်ကို ခြုံခို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား နှစ်ဦး နေရာတွင် ပွဲချင်းပြီး မသာပေါ်သွားပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးချိန် ခုနှစ်မိနစ်ခန့် ကြာမြင့်ခဲ့ပါသည်” လို့ BLDF က ဖော်ပြပါတယ်။

မုံရွာမြို့နယ် သာစည်ရဲစခန်း အနီးမှာ စစ်အုပ်စုက ထောင်အသစ်ဆောက်ထားပြီး အဲ့ဒ ထောင်က စစ်အုပ်စု သစ္စာခံတွေဟာ ထောင်အပြင်ဘက် ဂိတ်ဖွင့်ကာ ဒေသခံ ပြည်သူအပေါ် လက်နက်ပြ မိုက်ကြေးခွဲ၊ အနိုင်ကျင့် ဆက်ကြေး ကောက်နေတာကြောင့် တော်လှန်ရေး တပ်တွေက နေ့စဉ် ကင်းပုန်းဝပ်ကာ အချိန်အခါကောင်းကို စောင့်ဆိုင်းနေခဲ့ပြီး မနေ့က မနက်ပိုင်းမှာ အခွင့်သာလို့ တိုက်ခိုက်ခဲ့တာလို့ BLDF က ဆိုပါတယ်။

ဆက်လက်ပြီး အဲ့ဒီ သာစည်ထောင်ရှေ့ တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရတဲ့ စစ်အုပ်စုကို အနောက်မြောက်တိုက်း စစ်ဌာနချုပ် – နမခ၊ မုံရွာမြို့ အလုံဆေးရုံကို ပို့ဆောင်ဖို့ လူနာတင်ကား အသုံးပြုပြီး တင်ခေါ်လာစဉ် တော်လှန်ရေးတပ် အချင်းချင်း သတင်းချိတ်ဆက်ပြီး ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အလောင်းငါးလောင်းနဲ့ သေနတ်သုံးလက် ရရှိတယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒီဇင်ဘာ(၂၄)ရက် မနက်(၁၁)နာရီခွဲလောက်က မုံရွာ သာစည်ထောင်ကနေ မုံရွာမြို့ဘက် မောင်းနှင်လာတဲ့ စစ်အုပ်စု လိုက်ပါလာတဲ့ လူမှုကူညီရေး ကားကို ကျောက္ကာလမ်းနဲ့ တဝဂူ လမ်းထောင့်မှာ တိုက်နယ် ပ.က.ဖ၊ ရပ်ကျေး ပ.က.ဖ၊ မြို့နယ်ပ.လ.ဖ၊ တိုက်နယ် ပ.လ.ဖ၊ God of Monywa၊ Golden Eagle၊ တောကျွဲကြီး၊ ပုဏ္ဏက စတဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ငါးယောက် သေပြီး သေနတ်သုံးလက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်အုပ်စု ငါးယောက် သေပြီး (G-3) သေနတ် နှစ်လက်၊ (BA-94) သေနတ် တစ်လက်၊ ကျည်ဘောက် ခြောက်ခုနဲ့ ဆက်စပ် ပစ္စည်းတွေ ရရှိခဲ့ပြီး လူမှုကူညီရေးကား မောင်းနှင်တဲ့ အရပ်သားပြည်သူ နှစ်ဦးကို အထိအခိုက်မရှိ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် ကျေးရွာတွေဘက် စစ်အုပ်စု ရောက်လာကာ ပြည်သူကို ရန်ပြု သောင်းကျန်းနေလို့ မုံရွာမြို့ အရှေ့ဘက် ကျေးရွာတွေက ဒေသခံတွေ အသွားအလာ ဆင်ခြင်ကြဖို့ မုံရွာ မြေပြင်ကင်းထောက်တွေက သတိပေးထားပါတယ်။ စစ်အုပ်စုဟာ မနေ့ကညပိုင်း မုံရွာမြို့ အရှေ့လက် ရေကန်စုရွာနဲ့ အနီးဝန်းကျင်ရွာတွေဘက် သေနတ်ပစ်ဖောက် သောင်းကျန်းနေသလို မနေ့က နေ့လည်ပိုင်းမှာလည်း မုံရွာမြို့ စက်မှု့ထဲ တွေ့သမျှ လူငယ်တွေကို ကားနဲ့လိုက်ကာ ပစ်လတ်နေတယ်လို့ မုံရွာ ရပ်ကွက်ကင်းထောက်တွေက ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ဒီမနက်ပိုင်း မုံရွာ မနခ ထဲက ထွက်လာပြီး ဘုတလင်နယ် ဖန်းခါးကျင်း၊ ထနောင်းကုန်း စတဲ့ ကျေးရွာတွေနဲ့ မုံရွာနယ် ကြီးဗဒုံဖောက်လမ်းအနီး ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတယ်လို့လည်း ဒေသခံ မြေပြင် ကင်းထောက်တွေက ဖော်ပြပါတယ်။

မုံရွာမြို့ သာစည်ထောင်ရှေ့ ဂိတ်ဖွင့်ကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရကာ ဒဏ်ရာရလို့ မုံရွာ စစ်ဆေးရုံကို လာပို့ချိန် ထပ်မံတိုက်ခိုက်ခံရပြီး သေတဲ့ စစ်အုပ်စု အလောင်းတွေ/Photo – ပေးပို့


Comments

Leave a Reply

Your email address will not be published. Required fields are marked *