New Year မှာ ရွစကီးထချင်သူများအတွက်

Waterzonic ပွဲမှာ ဘာတွေဖြစ်ခဲ့သလဲ

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့၊ ရွှေထွဋ်တင် ကွင်းမှာ ပြုလုပ်ခဲ့တဲ့ Waterzonic EDM ပွဲမှာ ဖြစ်ပျက် ခဲ့တဲ့ ကိစ္စတွေကို ကိုယ်တွေ့ ကြုံခဲ့ရသူ တချို့က လွဲလို့ လူတော်တော် များများ မသိခဲ့ကြပါဘူး။ ဒါကြောင့် လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ တွေကို သွားဖို့ အားခဲနေကြတဲ့ သူတွေ ရှိနိုင်တာကြောင့် သတိပြု နိုင်အောင် တင်ပြပေးလိုက် ပါတယ်။

အဲဒီနေ့က ညနေ ၃ နာရီ လောက်မှာ အပေါက်ဝက လုံခြုံရေး တဲတစ်ခုလုံး ပွင့်ထွက်သွားတဲ့ အထိ အားပြင်းတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ ပါတယ်။ အဲဒီနောက် စခတွေ ရောက်လာပြီး Jammer နဲ့ ပိတ်လိုက်လို့ ပွဲထဲရောက်နေတဲ့ သူတွေ ဘယ်သူမှ ဖုန်းသုံးလို့ မရတော့ပါဘူး။ ဘယ်သူမှလည်း ပေးမထွက်တော့ဘဲ တစ်ယောက်ချင်း ဟိုစစ်ဒီစစ် လိုက်စစ် ပါတယ်။ ဘုမသိ ဘမသိနဲ့ အခုမှ ရောက်လာတဲ့ သူတွေကိုတော့ ပေးဝင်ပြီး အထဲမှာ ဆက်စစ်ပါတယ်။

ပွဲစီစဉ်သူ ခရိုနီ စိုးလှိုင်နဲ့ ရွှေသံလွင် ကျော်ဝင်း မိန်းမ မမီးတို့က ပွဲပျက်မှာစိုးလို့ စခ အရာရှိတွေကို ခေါ်ညှိပါတယ်။ အဲဒီနောက် ညနေ ၅ နာရီ လောက်မှာ Dj စက်တွေ ဖွင့်ပြီး ပွဲကို မဖြစ်ဖြစ်အောင် ပြန်လုပ်ဖို့ ကြိုးစားပါတယ်။ ဒီအချိန်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှိသေးတယ် ဆိုတဲ့ သတင်းကြောင့် စခတွေ ပြန်ရောက်လာပြီး စက်တွေ ပြန်ပိတ် ခိုင်းပါတယ်။

နောက်တစ်ခါ ထပ်ရှာတော့ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ထပ်တွေ့တယ်လို့ သိရပါတယ်။ ပွဲလာတက်တဲ့ သူတွေကိုလည်း သေနတ်တွေ တချိန်ချိန်နဲ့ မအေနှမ မိုးမွှန်အောင် ဆဲတယ်လို့ ဆိုပါတယ်။ တော်တော် ပျော်ချင်နေလား။ သေချင်နေတာလား စသဖြင့် ဆဲဆို ကြိမ်းမောင်းပြီး ပြန်ထွက်သွားတယ်လို့ ပွဲတက်ခဲ့တဲ့သူ တချို့ဆီက ကြားရပါတယ်။ အဲဒီနောက် ပွဲပြန်စပေမယ့် လူစည်ကားခြင်း မရှိတော့ဘဲ ချောက်တိ ချောက်ချက်နဲ့ ပြီးသွားပါတယ်။

နောက်ဆုံး ပွဲသိမ်းတဲ့အချိန် မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ ဖောက်တဲ့အခါ စခတွေ အလန့်တကြား ပြန်ရောက်လာပါတယ်။ မီးသမား တွေရော၊ ရေသမားတွေရော၊ ပွဲစီစဉ်တဲ့ သူတွေနဲ့ စပွန်ဆာ ပေးတဲ့သူတွေ ကိုပါ တာမွေ ရဲစခန်းကို ခေါ်သွားပါတယ်။ နောက်တနေ့ သူတို့ထဲက တချို့ ဘုရင့်နောင် စစ်ကြောရေးကို ရောက်တယ်လို့ သတင်း ကြားပါတယ်။ မီးရှူးမီးပန်း ဖောက်တဲ့ ကုမ္ပဏီရဲ့ တောင်ဒဂုံက ဂိုထောင်ထဲမှာ ယမ်းတွေ သိုလှောင်ထားတာ တွေ့လို့ ဆိုပြီး သိန်းရာချီတဲ့ ပစ္စည်းတွေ အကုန် သိမ်းသွားပါတယ်။

ဒါကြောင့် လာမယ့် နှစ်သစ်ကူး NYC ပွဲကို ရွှေထွဋ်တင်ကွင်း အစား သုဝဏ္ဏဘူမိ Event park ကို နေရာ ရွှေ့လိုက်တယ်လို့ ကြားပါတယ်။ ပွဲစီစဉ်သူ ခရိုနီ စိုးလှိုင်ဟာ မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်နဲ့ ရင်းနှီးသူ ဖြစ်တာကြောင့် သူစီစဉ်တဲ့ ပွဲတွေမှာ မူးယစ်ဆေးဝါး မျိုးစုံကို ပေါ်ပေါ်တင်တင် ရောင်းချသုံးစွဲခွင့် ရနေတာ ဖြစ်ပါတယ်။ လူငယ်တွေ တော်လှန်ရေး အာရုံ မရောက်အောင် အပျော်အပါး မူးယစ်ဆေးတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အာဏာ မသိမ်းခင် ညက လေးဖြူနဲ့ အငဲရဲ့ ရှိုးကို စိုးလှိုင်နဲ့ ခင်သီရိသက်မွန် ပေါင်းလုပ်ခဲ့တာလို့ သတင်း ထွက်ပါတယ်။

ပြည်သူတွေ အနေနဲ့ ဒီလို ရေပေါ်ဆီ ပွဲတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ကြဖို့ မြို့ပြ တော်လှန်ရေး အဖွဲ့တွေက သတိပေးထား ပါတယ်။ စစ်ကောင်စီနဲ့ ပုလင်းတူ ဘူးဆို့ ခရိုနီတွေက ပြည်သူတွေ အာရုံ ဝေဝါးအောင် နည်းမျိုးစုံနဲ့ ဖျားယောင်းနေတာ ဖြစ်လို့ သူတို့ကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အခါ မဆိုင်တဲ့ သာမန် ပြည်သူတွေ မထိခိုက်ရအောင် ဒီလို ပွဲမျိုးတွေ ဝေးဝေးကနေ ရှောင်ကြပါလို့ ပြောချင်ပါတယ်။

✍Zin Thaw Naing


Comments

Leave a Reply

Your email address will not be published. Required fields are marked *