မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၏ ဇနီးဖြစ်သူ သေဆုံး၊ နာရေးကို လူသိမခံဘဲ အသုဘချခဲ့

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၏ ဇနီးဖြစ်သူ နှလုံးရောဂါဖြင့် ရှော့ဖြစ် သေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် မန္တလေး၊ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ပြ အထူးစစ်ဆင်ရေး Urban Special Operation (U.S.O) အဖြစ် မန္တလေး၊ နန်းတွင်းထဲတွင် တပ်စွဲထားသော စစ်တပ်ကို တာဝေးပစ် ၁၀၇ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းမစ်ရှင်ကို Brave Warriors For Myanmar (BWM) ၏ ကူညီပံ့ပိုးမှုဖြင့် No More Dictatorship(NMD-PDF) ၊ Security & Special Task Force(SSTF-MDY) နှင့် ပြင်ဦးလွင်ခရိုင် ပကဖတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှော့တိုက်ဒုံးများက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အဆောင်သို့ထိမှန်ပေါက်ကွဲခဲ့မှုကြောင့် အာဏာသိမ်းစစ်ကောင်စီဘက်မှ ရာထူးကြီး တစ်ဦး သေဆုံးခဲ့ရာ အဆိုပါ သေဆုံးသူမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၏ ဇနီး ဖြစ်ကြောင်း ၊ ဗိုလ်မှူးချုပ် ကြည်ခိုင်၏ ဇနီးဖြစ်သူသည် နဂိုမူလ နှလုံးရောဂါအခံရှိသူဖြစ်ပြီး ရှော့တိုက်ဒုံးများ ကျရောက်သည့် အသံနှင့်ပေါက်ကွဲမှုများကြောင့် Heart Attack ရရှိပြီး သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

“ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တော့ ပေါက်ကွဲမှုနဲ့ အသံကြောင့် တိုင်းမှူးကတော် Heart attack ရပြီး ဆုံးပါတယ်” ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက် သတင်းရင်းမြစ်၏ အဆိုအရ တိုင်းမှူး ကတော်၏ နာရေးကို လူသိမခံဘဲ အသုဘအခမ်းအနားကို တိတ်တဆိတ်သာ ပြုလုပ်ခဲ့ရကြောင်း၊ သတင်းစာကြော်ငြာနှင့်ဝမ်းနည်းကြေကွဲကြောင်း စာများ ထည့်သွင်းခွင့်မရကြောင်း သိရှိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်သည် ယခင်က အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး (ပုသိမ်) အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် မန္တလေး နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရှိရသည်။

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုတွင်ပါဝင်ခဲ့သော တော်လှန်ရေးအဖွဲ့တစ်ခုကမူ ရှော့တိုက်ဒုံးများသည် အဆင့်မြှင့်ထားသည့် ဒုံးများဖြစ်၍ ပစ်မှတ်ထိမှန်မှုနှင့်ပေါက်ကွဲမှုအား မြင့်မားနိုင်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

စစ်ကောင်စီက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရသည့်အတွက် ဒီဇင်ဘာလ ၂၁ ရက် နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့် ရှော့ဒုံးပစ်သည်ဟု ၎င်းတို့ယူဆသော နေရာရှိ နီးစပ်ရာ ရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၂၀၀ ခန့်ဖြင့် ဝင်ရောက်ပြီး ပြည်သူများနှင့် ကျောင်းသား များကို တစ်အိမ်ဆင်းတစ်အိမ်တက်အဓမ္မစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် မပြောင်းရွှေ့ခင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့်ဇနီးတို့က ယခုနှစ် စက်တင်ဘာလ ဝါးခယ်မမြို့နယ်၊ ကျုုံမငေးမြို့ရောက်ရှိစဉ် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့စဉ်။ အနီဖြင့် ဝိုင်းပြထားသူမှာ သေဆုံးသူ တိုင်းမှူး ဇနီး ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *